ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊အလယ်လျှိုကျေးရွာရှိ စစ်ကောင်စီတပ်၏ မီးတင်ရှို့ခံရသည့် နေအိမ် ၁၀၀ ကျော်မှ အိမ်ထောင်စု ၁၀၀ ကျော်အတွက် နေစရာ၊ စားနပ်ရိက္ခာနှင့် အသုံးဆောင်ပစ္စည်းများလိုအပ်နေကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်၊အလယ်လျှိုကျေးရွာအတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်များက သေနတ်ပစ်ဖောက်ကာ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၁၀၀ဘကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့က ရွာကိုဝင်ကတည်းက သေနတ်ပစ်ဖောက်ပြီး ဝင်လာတော့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ကြတယ်။ ပြီးတော့ ကျတော်တို့ရွာက အိမ်တွေကို မီးရှို့တော့တာပဲ။ မီးနဲ့ရှို့တဲ့အပြင် တန်ဖိုးရှိတဲ့ အရာတွေ ဖုန်းတို့ ဘာတို့လဲ ယူသွားတယ်။ အသုံးအဆောင်တွေလဲ ဖျက်စီးလိုက်ကြတယ်။ အခု ရွာကိုပြန်ဝင်တော့ အိမ်တွေက ပြာပုံအနေအထားဖြစ်သွားတော့တာပဲ။ လက်ရှိမှာ နေစရာ စားစရာ အိပ်ရာ၊ခြင်ထောင်တွေ ဘာမှမရှိတော့ ထိုင်ကြည့်ပြီး ငိုနေရတယ်”ဟု‌ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလယ်လျှိုကျေးရွာသည် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်မီးရှို့ဖျက်ဆီးခံရကာ ဒေသခံပြည်သူ ၄၀၀၀ကျော်မှာ တိမ်းရှောင်ထွက်ပြေး နေရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

“ဇန်နဝါရီ ၆ ရက်နေ့မှာတော့ ပြည်သူအချို့တော့ ရွာထဲပြန်ဝင်ကြတယ်။ အများစုကတော့ တခြားနေရာတွေမှာ နေကြတယ်။ ကြောက်လို့ ပြန်မဝင်ရဲကြဘူး။ စစ်ကောင်စီတပ်တွေ အလစ်နဲ့ပြန်လာပြီး အကြမ်းဖက်မှာကို စိုးရိမ်နေကြတုန်းပဲ။ ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း စားဝတ်နေရေး အရမ်းခက်ခဲနေကြတယ်။ ပြန်ဝင်လာတဲ့ပြည်သူ‌ တွေကလည်းယာယီတဲ ထိုးနေဖို့တောင် မနည်းလုပ်နေရတယ်”ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာလည်း အလယ်လျှိုကျေးရွာရှိ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးကာ အမျိုးသမီး ၂ ဦးနှင့် အဘိုးအိုတစ် ဦးအပါအဝင် ၉ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

#ခင်ဦး #အလယ်လျှို #မီးတင်ရှို့ #အိမ်ထောင်စု #စားဝတ်နေရေး #အခက်ကြုံနေ
#Ayeyarwaddy_Times