ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းရှိကျေးရွာများကို ဇန်နဝါရီ ၇ ရက် ယမန်နေ့ မနက်ပိုင်းက စစ်ကောင် စီတပ်များက ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီး ရွာသားတချို့ကိုဖမ်းဆီးထားကြောင်းသတင်းရရှိသည်။
စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ် မန်းကျည်းစောက်၊ကြည်၊ဘုရားထွက်ရွာများအပါအဝင် ၅ ရွာထက်မနည်းအား အဖွဲ့နှစ်ဖွဲ့ခွဲ၍ မီးရှို့ဖျက်ဆီးကာ ရွာသားအချို့ကိုလည်း ဖမ်းဆီးထားကြောင်းသိရသည်။
“သူတို့က မနေ့ကညနေထဲက နှစ်ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးပြီး ရောက်တဲ့ရွာတိုင်းကို သေနတ်နဲ့ ရမ်းသန်းပစ်ကာ အိမ်တွေကိုမီးရှို့ ဖျက်ဆီးလာကြတာ၊ဒီနေ့မနက်ထဲက ကျတော်တို့ရွာကို စပြီး ရှို့နေတာ ဒါနဲ့ဆို နှစ်ခါရှိပြီဗျ၊လက်ရှိတော့ အိမ်ခြေ နှစ်ဆယ်ခန့်လောက် ပါသွားပြီလို့ကြားရတယ်၊အရင်တစ်ခါက အိမ်ခြေ ၂၅အိမ်လောက်ပါသွားတယ်ဗျ၊ရွာသားအချို့ကိုလဲ ဖမ်းတာတယ်လို့ကြားရတယ်၊ကျတော်တို့က သူတို့လာပြီလို့ကြားထဲက ထွက်ပြေးလာရတာပါ”ဟု ဘုရားစောက်ကျေးရွာရှိဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်များက အင်အား၂၀၀ ဝန်းကျင်ဖြင့်စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကြည်ရွာ၊ဘုရားထွက်ရွာ၊ဘုရားစောက်ရွာ၊ဆပ်ပြာကျင်း၊ဘုတ်ရွာတွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူအချို့ကိုလဲ ဖမ်းဆီးထားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံမှသိရသည်။
“စစ်ကောင်စီက ရွာသားအချို့ကို ဖမ်းဆီး ထားတယ်လို့တော့ ကြားရတယ် ဘယ်နှစ်ဦးလဲတော့ အတည်ပြုလို့မရသေးဘူးဗျ။သူတို့တွေက ရှုံးမဲ မဲပြီးတော့ ပြည်သူတွေကိုအကြမ်းဖက်တာ အိမ်တွေကို မီးရှို့ ပစ္စည်းတွေခိုးတဲ့လုပ်ရပ်တွေဟာ မင်းမဲ့စရိုက်ဆန်နေကြတာပါ၊ကျတော်တို့ဘက်ကလည်း စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းသွားမှာပါ၊ပြည်သူတွေဘက်ကလည်း အားမငယ်ဘဲ စိတ်ဓါတ်ခိုင်မာစွာထားပြီး တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါ”ဟု ဒီပဲယင်းဒေသကာကွယ်အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါမီးရှို့ခံရသောရွာများသည် တစ်ရွာလျှင်အိမ် ခြေ ၂၀၀ ခန့်ရှိကာ ရွာအများစုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပထမအကြိမ်မီးရှို့ဖျက်ဆီးခံရမှုတွင်ပါဝင်ခဲ့သည့်ရွာများဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာလအတွင်း ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၃၀ ကျော်မှ အိမ်ခြေ ၃ ထောင်ကျော် မီးရှို့ခံခဲ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ထုတ်ပြန်ချက်အရသိရသည်။
#Ayeyarwaddy_Times