နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဇန်နဝါရီလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ဒေသက တရုတ်ဝမ်ပေါင်းကြေးနီစီမံကိန်း နားကရွာတွေကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ၅ ရက်နေ့က ဝင်ရောက်မီးရှို့တာတွေပြုလုပ်ခဲ့တာ ကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေက တရုတ်ဝမ်ပေါင်းကုမ္ပဏီဝန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေသလို ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့သွားတဲ့ စစ်ကောင်စီတပ်ကိုလည်း လိုက်လံတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ၅ ရက်နေ့လောက်ကစပြီး မီးရှို့နေတာ၊ ၆ ရက်နေ့ညပိုင်းမှာ ဖောင်ကတာကျေးရွာကို စစ်ကောင်စီတပ်က လာတပ်စွဲတယ်၊ မနက်ကျတော့ ရွာကို မီးရှို့တာ ဘေးချင်းကပ် ကျော်ဖြူတိုင်ရွာကိုပါ ရှို့သွားတာ”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဇန်နဝါရီလဆန်းပိုင်းမှာတင် ဆားလင်းကြီးမြို့နယ်အတွင်းက ဖောင်ကာတာကျေးရွာ၊ ကျော်ဖြူတိုင်ရွာတို့ကို စစ်ကြောင်းထိုးမီးရှို့ဖျက်စီးခဲ့တာကြောင့် အိမ်ခြေ ၁၇၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဒေသကာကွယ်ရေးတပ်တွေရောက်လာပြီး စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ဝမ်ပေါင်ကုမ္ပဏီဝင်ထဲကို တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ စတင် ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။