ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခံရမှုအပေါ် စစ်ကောင်စီအနေနဲ့ ပြန်လည်ပေးဆပ်ရမယ်လို့ ဧရာ၀တီတိုင်းက တော်လှန်ရေး အင်အားစုတွေ ပြောဆိုလိုက်ပါတယ်။
“ဒါဟာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိကို နှိပ်စက်ညှဉ်းဆဲသတ်ဖြတ်တဲ့လုပ်ရပ် ဖြစ်တယ်။ ဘယ်ခေတ်အဆက်ဆက်မှာမှ အကျဉ်းထောင်ထဲမှာ လူသေမှုဖြစ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့သမိုင်း မရှိပါဘူး။ ဒါဟာ အရမ်း ဆိုးရွားတဲ့သမိုင်းပါ။ အဲဒီအတွက် သူတို့တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရလိမ့်မယ်”လို့ ဧရာ၀တီစစ်ဒေသကွပ်ကဲရေး ကော်မတီအဖွဲ့ဝင် ဗိုလ်နေလက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင်ညွှန်မှူးဦးဆောင်တဲ့ ထောင်တာဝန်ရှိသူများက ဇန်နဝါရီလ ၅ ရက်နေ့က အချုပ်ဆောင်အတွင်းသို့ ခေါ်ဆောင်ကာ နာရီပေါင်းများစွာ ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့တာကြောင့် ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ပုသိမ်ထောင်တွင်းမှာ ထောင်ဆူမှု ဖြစ်ပွားခဲ့ပါတယ်။
ထောင်ဆူပူမှုကို ပုသိမ်မြို့ရှိ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၆ ရက် မနက် ၉ နာရီခွဲအချိန်မှာ ထောင်တွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာမှ ကိုဝေယံဖြိုးထိမှန်၍ သေဆုံးခဲ့တယ်လို့ ပုသိမ်ထောင်နှင့် နီးစပ်သူများက ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်၌ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့သည့်အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် နိုင်င့ရေးအကျဉ်းသား ကိုဝေယံဖြိုး ကျဆုံးခဲ့သလို အခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူ ကိုဝေယံဖြိုးရဲရုပ်အလောင်းကိုလည်း မိသားစုထံ ပြန်မပေးပဲ စစ်ကောင်စီရဲ့အစီအစဥ်နဲ့ မနေ့က နေ့လည်ပိုင်းမှာ မီးသဂြိုလ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
#ပုသိမ်ထောင် #နိုင်ငံရေးအကျဥ်းသား #ညှင်းပန်းနှိပ်စက်သတ်ဖြတ် #စစ်ကောင်စီ #ပေးဆပ် #စစ်ကောင်စီ
#Ayeyarwaddy_Times