ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာကို ဇန်နဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ၂ ကြိမ်တိုင်တိုင် မီးတင်ရှို့မှုကြောင့် နေအိမ် ၇၉ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – ချင်းတွင်းဒေသတပ်မှ သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီတပ်များ စက္ကန့်ကျေးရွာအတွင်း ဝင်ရောက်လာပြီး PDF များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူပိုင်နေအိမ် ၇ လုံးအကြောင်းမဲ့ကိုမီးရှိ့ခဲ့ကြပြီးတောင်ဖီလာရပ်ကွက်သို့ပြန်လှည့်ကာညပိုင်တွင်လက်နက်ကြီးများဖြင့်ကျေးရွာအတွင် ၁၀ ကြိမ်မကပစ်ခတ်ခဲ့ရာ ရွာသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီလ ၆ ရက်နေ့မနက်ပိုင်းတွင်လည်း နေအိမ် ၇၂ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

“စက္ကန့်ရွာသားတွေက စစ်ကောင်စီကိုတော်လှန်တဲ့ထဲပါဝင်တဲ့သူများတယ်။ တော်လှန်ရေးစကတည်းက သူတို့က စစ်ကောင်စီထံ နာမည်ထွက်ပြီးသား။ အရင်နှစ်ကလည်း စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်တိုင် စက္ကန့်ရွာထဲဝင်ပြီး ရမ်းကားကြဖူးတယ်။ အမျိုးသမီးတစ်ယောက်တောင် အိမ်ထဲကျည်ထိသေဆုံးတာရှိတယ်။ တွေ့သမျှလူကို ဖမ်းခေါ်ပြီး တစ်နေကုန်နေပူလှန်းတာ၊ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ မနှစ် ခရစ္စမတ်ကာလမှာ ကလေးကနေ ချင်းတောင်ဘက်ကိုတက်တဲ့ ကားတစ်စီးမှာ စက္ကန့်ရွာသားတွေကြီးပဲစီးလာတာတွေ့တော့ စစ်ကောင်စီဂိတ်မှာ သူတို့အားလုံးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တာရှိတယ်။ အဲ့လူတွေက နှစ်သစ်ကူးမှပြန်လွတ်တယ်။ အဲ့လိုမျိုး စစ်ကောင်စီတပ်က စက္ကန့်ရွာဆို အညိုးအတေးထားတယ်။ အဲ့ဒါကြောင့် အခုလည်း စစ်ကောင်စီတွေက အထက်အမိန့်ရတယ်ထင်တယ်။ တိုက်ပွဲဘာမှမရှိပဲ ဒီလိုမီးလာရှို့ကြတာ” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် – အထက်ချင်းတွင်းဒေသတပ် ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စက္ကန့်ရွာအတွင်း စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးစဥ် ရွာအတွင်း ဒေသခံရွာသားများရှိနေသည့်အတွက် တော်လှန်ရေးလက်နက်ကိုင်များအနေဖြင့် တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်တွေကလည်း ရွာထဲမှာ ရွာသားတွေရှိနေတုန်းဆိုတော့ စစ်ကောင်စီတပ်ကို ဘာမှလုပ်လို့မရဘူး။ ပြီးတော့ ရွာရဲ့မြောက်ဘက်မှာ တောင်ဖီလာတောင်ရှိတယ်။ အဲ့တောင်ပေါ်မှာလည်း စစ်ကောင်စီက အမြောက်တပ်ချထားတယ်။ နေ့ခင်းဆိုအပေါ်ကနေ လွယ်လွယ်လေး လက်နက်ကြီးပစ်ကူပေးလို့ရတယ်။ အဲ့ဒီတောင်နဲ့ စက္ကန့်ရွာကြားက လယ်တွေပဲဆိုတော့ နေ့ခင်းမှာလှုပ်ရှားဖို့ခက်တယ်။ ညနေပိုင်းကျ သူတို့စခန်းချတဲ့ တောင်ဖီလာရပ်ကွက်ပြန်သွားကြတယ်လေ။ ရွာသားတွေက လက်ရှိ ကလေးမြို့ထဲက ရပ်ကွက်တွေမှာ တိမ်းရှောင်ကတယ်။ စက္ကန့်ရွာနားက ရှားတောရွာဆိုလည်း အားလုံးပြေးလာကြတယ်။ ဒီရွာတွေက ချင်းတိုင်းရင်းသားတွေနေထိုင်ကြရွာထဲပါ” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် – အထက်ချင်းတွင်းဒေသတပ် ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များက လူသားချင်စာနာစိတ် ကင်းမဲ့စွာ ပြည်သူပိုင်နေအိမ်များအား အကြောင်းမဲ့ မီးရှို့မှုကို ရှုတ်ချကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်-အထက်ချင်းတွင်းဒေသ အနေဖြင့် စစ်ကောင်စီတပ်များပြု့လုပ်သည့်အတိုင်းပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ ဝင်ရောက် မီးရှို့မှုကြောင့် စက္ကန့်ကျေးရွာရှိ ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကာ လူနေအိမ်ခြေစုစုပေါင်း ၇၉ လုံးအထိ မီးလောင်ပျက်စီးခဲ့ရကြောင်းသိရသည်။

ကလေးမြို့ စက္ကန့်ကျေးရွာတွင် ၂၀၂၀ ခုနှစ်စာရင်းအရ လူနေအိမ်ခြေ ၈၀၀ နှင့် လူဦးရေး ၃၈၆၃ ဦးရှိပြီး အများစုမှာ ချင်းတိုင်းရင်းသားများဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – အထက်ချင်းတွင်းဒေသတပ်ထံမှ သိရသည်။

#ကလေး #စက္ကန့် #စစ်ကောင်စီ #မီးတင်ရှို့ #နေအိမ် #ဒဏ်ရာရ
#Ayeyarwaddy_Times