ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာရှိတဲ့ မဲဇလီကုန်းနယ်မြေရဲစခန်းအတွင်းကို ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့ ည ၇ နာရီခွဲအချိန်က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်

“ညကရဲစခန်းထဲမှာပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်မနက်သိရတာတော့ ဗုံးနဲ့လာပစ်သွားတာလို့ပြောတယ်လက်ပစ်ဗုံးလာ လက်လုပ်ဗုံးလားတော့အတိအကျမသိရဘူး၊ရဲတွေထိခိုက်မှုရှိမရှိလဲသေခြာမသိရဘူး ဖြစ်စဥ်ကတော့အမှန်ပဲ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မဲဇလီကုန်း ရဲစခန်းဟာ နယ်မြေရဲစခန်းဖြစ်တဲ့အတွက်ရဲ ၁၅ ဦးခန့်သာရှိတဲ့ ရဲစခန်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး အင်္ဂပူမြို့နယ်အတွင်းမှာလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပဲ ရဲစခန်းအနီး၀န်းကျင်မှာရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုတွေပြုလုပ်လာမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။