ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

မလေးရှားနိုင်ငံ မြို့တော် ကွာလာလာမ်ပူ ၊ ဂျလန်အိမ်ဘီ (Jalan Imbi) မှာ နိုင်ငံခြားသား (၁၀၀၀) ကျော်ကို ဇန်နဝါရီလ ၆ ရက်နေ့ ယမန်နေ့ညက မလေးရှားရဲတပ်ဖွဲ့ နဲ့ မ‌လေးရှား လူဝင်မှုကြီးကြပ်ရေး ဌာန အဖွဲ့ဝင်တွေက စစ်ဆင်ရေး တစ်ခုပြုလုပ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

မလေးရှားရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်အနက် အသက် (၁) နှစ်ကနေ (၆၈) အရွယ် အထိရှိတဲ့ ချင်းတိုင်းရင်းသား ၅၄၄ ဦးနဲ့ အသက်တစ်နှစ်ကနေ ၁၀ နှစ်ကြား ကလေး ၃၀ ဦး ပါဝင်နေတယ်လို့ မလေးရှား သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ကွာလာလာမ်ပူ ၊ Jalan Imbi (ဂျလန်အိမ်ဘီ) မှာရှိတဲ့ တိုက်ခန်းတစ်ခုကို တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းပြီးနောက် မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေအတွက် ဒုက္ခသည်ကတ်ထုတ်ပေးနေတဲ့ အစုအဖွဲ့တစ်ခုကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ မလေးရှား သတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။

အဆိုပါ အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေကို ချင်းတိုင်းရင်းသား မျိုးနွယ်စုများထဲက လူတစ်ဦးတစ်ယောက်ကနေ ချုပ်ကိုင်ထားတယ်လို့ ယူဆရပြီး ၎င်းတို့ကို ခြေရာခံဖို့လည်း ကြိုးပမ်းနေတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Seri Khairul Dzaimee Daud ကပြောတယ်လို့ မလေးရှား သတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။

“သိမ်းဆည်းရမိတဲ့ ပြေစာ အချက်အလက်တွေအရ ချင်းတိုင်းရင်းသား ၁,၀၀၀ လောက်က ဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားပြီ၊ အဖွဲ့ဝင် ကတ်ကိုင်ဆောင်ထားသူတွေကို တတိယနိုင်ငံ ကူးခွင့်ပြုဖို့ စောင့်ဆိုင်းနေတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးတာ ဖြစ်တယ်။” လို့ ဇန်နဝါရီလ ၇ ရက် ၊ ဒီနေ့ မနက် ၂း၃၀ နာရီ ၊ ဝင်ရောက်စီးနင်းမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Seri Khairul Dzaimee Daud က ပြောပါတယ်။

မလေးရှား ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး ဌာန ဝန်ထမ်း ၁၁၅ ဦးနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ ဒီစစ်ဆင်ရေးမှာ နိုင်ငံခြားသား စုစုပေါင်း (၁,၀၅၁) ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအများစုပါဝင်နေတယ်လို့လည်း သိရပါတယ်။

အဲဒီထဲက အသက် ၁ နှစ်ကနေ ၆၈ နှစ်ကြားရှိသူ ၅၄၄ ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုး နဲ့ ထိန်းသိမ်းခဲ့တာဖြစ်ပြီး Bukit Jalil (ဘူကစ်ဂျလီလ်) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနက တာဝန်ရှိသူတွေက ဆိုပါတယ်။

“ ဒီကိစ္စအတွက် ကျနော့် အနေနဲ့ ဘာမှ မှတ်ချက် မပေးနိုင်သေးပါဘူး။ မလေးရှားမှာ ရှိတဲ့ သက်ဆိုင်ရာ ချင်းအဖွဲ့အစည်းတွေ အစည်းအဝေး ပြုလုပ်ပြီး ပြဿနာကို ဘယ်လို ချဉ်းကပ်ရမလဲ ဆိုတာတွေ ဆွေးနွေး တိုင်ပင်နေကြပါတယ်” လို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ချင်းတိုင်းရင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ‌ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ညက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား အရေအတွက် ၅၀၀ ကျော်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ အဖမ်းခံရသူ ၂၀၀ ဝန်းကျင်သာရှိနိုင်တယ်လို့ ယမန်နေ့ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရာကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမည်မဖော်လိုတဲ့ ချင်းတိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။

“အတိအကျတော့ မသိပေမဲ့ချင်းတွေ ၅၄၄ ဦး ဖမ်းတယ်ဆိုတာ သတင်းအမှားပါ၊ အလွန်ဆုံး ၂၀၀ လောက်ပေါ့ ၊ ညက ကျွန်တော်လည်းပါတယ်။ ည ၁၂ မတိုင်ခင်လေးမှာ ဖမ်းတာ၊ အိမ်ပေါ် အကုန်တက်ဖမ်းတာ UN Card ရှိတဲ့သူတွေ ကို မနက်ပိုင်းအကုန်ပြန်လွှတ်ပေးတယ်”လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရာကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမည်မဖော်လိုတဲ့ ချင်းတိုင်းရင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် ဒုက္ခသည် မှတ်ပုံတင်ထားသူနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူ မြန်မာနိုင်ငံသား ၁၈၅,၀၀၀ ကျော်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှာလည်း နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ – BERNAMA(ဇန်နဝါရီလ ၆ ရက်ညတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ ၊ ကျလန်အိမ်ဘီ ၌ မလေးရှား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး ပူးပေါင်းတပ်ဖွဲ့ များ၏ ဖမ်းဆီးခြင်း ခံရသူများ)