ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေက ကြံ့ခိုင်ရေးပါတီမဲဆွယ်စည်းရုံရေးအတွက် လိုက်ပါပြီး ဟောပြောတာတွေ ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအရာရှိ၊ ထွေအုပ်၊ ရဲ၊ မီးသတ်နဲ့ လဝက ပါဝင်တဲ့ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ ဟောပြောပွဲပြုလုပ် မယ်ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းဝေးခေါ်ခိုင်းပြီး ကြံ့ခိုင်ရေးပါတီမဲဆွယ်စည်းရုံးရေး ဟောပြောသွားတာလို့ ဒေသခံတွေကပြောပါတယ်။

“ ကျေးရွာအုပ်ချုပ်ရေးမှူးက တစ်အိမ်တစ်ယောက်မတက်မနေရဆိုပြီးလိုက်ခေါ်တာ အကုန်သွားရတယ်၊ ဟိုရောက်တော့ အဲ့စကစက အရာရှိလည်းပါတယ် ပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းတွေလည်းပါတယ် သေချာမပြောတက်တော့လို့ ပြီးတော့ အမျိုးသာသနာ ဘာသာကို စစ်တပ်က ကာကွယ်ပေးနေတာ ဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲမှာ မဲပေးကြဖို့ အရွေးမမှားဖို့ ကြံ့ခိုင်ရေးကလူတစ်ဦးက ပြောသွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ငှက်ပျောတောကျေးရွာမှာ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ ဟောပြောပွဲရှိလို့ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေက မလာမနေရခေါ်ပြီး ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေက ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရေးဟောပြောမှုတွေကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေနဲ့ပေါင်းပြီး ကျေးရွာတွေမှာ လိုက်လံပြုလုပ်နေတာလို့ စစ်ကောင်စီ အသိုင်းဝိုင်းက သိရပါတယ်။