နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇန်နဝါရီလ ၇ ရက်
စစ်ကောင်စီက ပထမဆုံးသေဒဏ်ပေးခဲ့တဲ့ ဧရာဝတီတိုင်း ပညာရေးအသိုင်းဝိုင်းက CDM ကျောင်းဆရာ အတွက်ပြုလုပ်မယ့် Profile ကမ်ပိန်းမှာ ပြည်သူတွေပါဝင်ပေးဖို့အတွက် CDM ပညာရေးဝန်ထမ်းတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာ စစ်ကောင်စီလက်အောက်ခံတရားရုံးကနေ သေမိန့်ပြစ်ဒဏ်ချမှတ်ခံခဲ့ ရတဲ့ CDM ကျောင်းဆရာ ကိုကောင်းခန့်ကျော်အတွက် ကမ်ပိန်းပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပါဝင်ပေးဖို့အတွက်လည်း တောင်းဆိုချင်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
“ ဆရာက မတရားစွပ်စွဲဖမ်းဆီးခံရပြီး သေမိန့်အချခံရတာ CDM ပညာရေးဝန်ထမ်းထဲမှာဆိုရင် ပထမဆုံး သေဒဏ်အမိန့်ချမှတ်ခံရတဲ့သူပါ၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ မတရားမှုကို လက်မခံတဲ့အနေနဲ့ Profile ကမ်ပိန်းမှာပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ CDM ပညာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
CDM ကျောင်းဆရာ ကိုကောင်းခန့်ကျော် ကို ဟင်္သာတခရိုင်တရားရုံးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့တဲ့အပေါ် ဧရာဝတီတိုင်းအခြေခံပညာရေး ဝန်ထမ်း အထွေထွေသပိတ်ကော်မတီအနေနဲ့ Profile ချိန်းတဲ့ ကမ်ပိန်းပြုလုပ် ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရက်ကို ရှုံချပြီး မတရားမှုကို ခေါင်းငုံမခံဘဲ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရမှာဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။