ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက နေအိမ် ၆ လုံးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ လိုက်လံချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊အမှတ် (၁)ရပ်ကွက်က ဦးမြမွှေး နေအိမ်၊ကြံခင်းမြို့၊ ခုံကြီးကျေးရွာအုပ်စု၊ခုံကြီးရွာက ဦးမြင့်ဦး နေအိမ်၊ကျော်ငုံရွာက ဦးအောင်ဝင်းနေအိမ်၊ လယ်မရွာက ဦးထွန်းထူးအောင် နေအိမ်၊ ပေါက်နွယ်စမ်းကျေးရွာအုပ်စု၊စမ်းရွာက ဦးခင်ရှိန် နေအိမ်၊ ကြို့ပင်စုအုပ်စု၊ကိုင်းသာရွာက ဦးအောင်ဝင်း နေအိမ်တို့ကို ချိတ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ကြံခင်းမှာ စစ်အာဏာသိမ်းတုန်းကဆန္ဒပြခဲ့လို့ တိမ်းရှောင်နေသူတွေရဲ့အိမ်တွေကို ချိတ်လိုက်ပိတ်တာ။ ဖမ်းမမိတာနဲ့ သူများနေအိမ်တွေကိုပြသနာလိုက်ရှာနေတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ချိတ်ပိတ်ခံရတဲ့ နေအိမ်တွေမှာ နေထိုင်သူတွေကိုလည်း ဖယ်ရှားခိုင်းလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကြံခင်းမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းနေအိမ် ၁၅ လုံးထက်မနည်း ချိတ်ပိတ်ခံထားရပြီး စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက သူတို့ကိုဆန့်ကျင်တဲ့နေအိမ်တွေကို ဆက်လက်ချိပ်ပိတ်ဦးမယ်လို့ ပြောကြားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။