ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ယာဥ်တန်းကို ဖောက်ခွဲရန်ထောင်ထားသည့်မိုင်းကို ရှင်းလင်းရန် လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းပေါက်ကွဲ၍ ၃ ဦးသေဆုံးပြီး ၆ ဦးပြင်းထန် ထိခိုက်ဒဏ်ရာရကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီခန့်တွင် သဲကုန်း ကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြား နတ်သံကွင်း- ကျောက်ကြီးကားလမ်းမပေါ်တွင် တော်လှန်ရေးတပ် ဖွဲ့များထောင်များမှ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရန် ထောင်ထားသည့် မိုင်းကို ရှင်းလင်းရန် စစ်ကောင်စီတပ်မှ လာရောက်စဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၃ ယောက်သေတယ်၊ ၆ ယောက်က ပြင်းထန်ထိခိုက်သွားတယ်။ လက်ထဲအရောက်မှာ ပေါက်ကွဲတာလို့ သိရတယ်။ အလောင်းတွေကို သုံးဘီးနဲ့လာ သယ်သွားကြတယ်။ သူတို့က မုန်းဒေသအခြေစိုက် ခြေမြန်တပ်ရင်း ၅၉၉ ကလို့ သိရတယ်”ဟု Bogo Region PDF အဖွဲ့မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါမိုင်းများကို ပဲခူးခရိုင် တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၂ မှတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ၅ ဦးသေဆုံးကြောင်း ကျောက်ကြီးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှပြောကြားသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

#ကျောက်ကြီး #စစ်ကောင်စီ #PDF #မိုင်း #လက်ထဲတွင်ပေါက်ကွဲ #သေဆုံး
#Ayeyarwaddy_Times