ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း YEဘီလူးအဖွဲ့ခေါင်းဆောင်ကပြောသည်။

ရေးမြို့နဲ့ ၂မိုင်ခန့်အကွာတွင်ရှိသည့် ကျုံးလောင်းရွာဟောင်းတွင် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ခြင်းမရှိတော့ဘဲ YEဘီလူးအဖွဲ့မှအခြေနေအရ ဆက်လက်ထိန်းချုပ်ထားမည်ဟုဆိုသည်။

“ကျုံလောင်းရွာဟောင်းကို ရေးဘီလူးအဖွဲ့ကနေထိန်းလိုက်ပြီ၊ ပထမဆုံးကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားမရှိတော့ဘူး၊ ရှိတဲ့ဝန်ထမ်းတွေအကုန်ထွက်ကုန်ပြီ၊ သူတို့ရဲ့လုံခြုံရေးကိုစိုးရိမ်လို့၊ ရွာကိုထိန်းချုပ်တာကတော့အခြေအနေကြည့်ပြီး ဆက် လက်ဆောင်ရွက်မယ်၊ ပြည်သူတွေလဲအထိမနာအောင်ဆောင်ရွက်ရတာမို့ပါ။ စစ်ကောင်စီဘက်ကတော့ အခုချိန်ထိဘာမှမလုပ်သေးဘူး၊ ရွာကိုလုံခြုံရေးလာယူတာမျိုး၊ ကင်းလှည့်တာမျိုးတော့မရှိသေးဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင် မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ကျုံလောင်းရွာဟောင်းရှိ စစ်ကောင်ထောက်တိုင်လုပ်ငန်းများ၊ စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများအားလုံးအား ပိတ်သိမ်းလိုက်ပြီး စာသင်ကျောင်းများလဲ ယာယီပိတ်ထားကာ ပြည်သူများအထိမနာအောင် အခြေ‌အနေပေါ်မူတည်ပြီးဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေးမြို့တွင် စစ်ကောင်စီတပ် အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ် ရင်းများဖြစ်သည့် ခလရ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ အမှတ် ၃၁၆ အမြောက်တပ်ရင်း (အမတ ၃၁၆)စသည့် တပ်မ၊တပ်ရင်းများအပြင် အခြားစစ်လက်ရုံးတပ်တချို့လည်းအခြေစိုက်ထားသည့်မြို့ဖြစ်သည်။

YEဘီလူးအဖွဲ့သည့် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့များ၊စစ်ကောင်စီယန္တရားထောက် တိုင် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များအားရှင်းလင်းခြင်းနှင့် စစ်ကောင်စီလက်အောက်ခံ တပ် ရင်းများ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးအဆောက်အဦများအား မကြာခဏတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ – ယနေ့တွင် ကျုံလောင်းရွာဟောင်းရှိအလံတိုင်မှအလံအား ဖြုတ်ချနေပုံ။
#Ayeyarwaddy_Times