ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦးမှာ ကိုယ်ထောင်ထားသည့် မိုင်းအား ကိုယ်ပြန်နင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားကြောင်း မင်းတပ်ဒေသတွင်း သတင်းရင်းမြစ် တစ်ခုဖြစ်သည့် HKL Mindat က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြထားသည်။
အဆိုပါ မင်းတပ်ဒေသခံ စစ်ကောင်စီတပ်သား “ဟုန်းကီး” ဆိုသူမှာ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက မင်းတပ်-မတူပီလမ်း မိုင်တိုင် အမှတ် (၅) အနီးရှိ ဆောက်လက်စ မင်းတပ် တက္ကသိုလ် ပတ်ဝန်းကျင်မှာ မိုင်းထောင်ရင်း ကိုယ့်မိုင်းကိုယ် ပြန်နင်းမိခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှာ မင်းတပ်နယ်မြေခံတပ်ရင်း ခလရ (၂၇၄) ထဲသို့ ပြန်လည်သယ်ဆောင်သွားကြပြီး အတူလိုက်ပါလာတဲ့ ကန်ပက်လက် ဒေသခံ မိုင်းရှင်းလင်းရေး တပ်သား “ဟာတမ်” က လက်ကျန်မိုင်းများကို ပြန်လည် ရှင်းလင်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မင်းတပ်-မတူပီ လမ်းတလျှောက်တွင် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ထားပြီး အင်အား (၁၀၀) ကျော်ဝန်းကျင်ဖြင့် လှည့်ကင်းပတ်နေကြောင်း ဒေသခံများက ဆိုသည်။
“ အင်အား ၇၀/၈၀ ဝန်းကျင်လောက်ရှိမယ်။ ထရပ်ကား ၅ စီးနဲ့ လက်နက်ကြီးတွေပါ ရမ်းပစ်နေကြတာ။ မင်းတပ်ဒေသခံ တွေလည်း ၁၀ ဦးထက်မနည်း ပါတယ်လို့ သိရတယ် “ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ို ပြောသည်။
မင်းတပ်-မတူပီ လမ်းမှာ စစ်ကောင်စီ ဘက်က လုံခြုံရေးတင်းကြပ်ကာ ကင်းလှည့်နေတာကြောင့် ခရီးသွားပြည်သူများအနေဖြင့် မင်းတပ်-မတူပီ လမ်းတလျှောက်တွင် ခရီးသွားလာခြင်းမပြုလုပ်ကြရန် အရေးပေါ် သွားလာရမည်ဆိုပါက လမ်းခရီး အခြေအနေ စုံစမ်းမေးမြန်းကြရန်နှင့် သတိထား၍ သွားလာနေထိုင်ကြရန်လိုအပ်ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သတိပေးပြောဆိုထားသည်။