ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်သို့လာသည့် ရဲကားကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့မနက်ပိုင်းတွင် မြို့ပြပျောက်ကြားအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“သူတို့က ပညာရေးမှူးရုံးနားက ဂိတ်ကို လာတာ။ ရောက်ခါနီးမှာပဲ ကျတော်တို့က မိုင်းနဲ့တိုက်ခိုက်တာ ၄ယောက်လောက် ထိခိုက်တယ်။ တစ်ယောက်က ဒဏ်ရာအပြင်းထန်ရတယ်လို့သိရတယ်ဗျ။ မိုင်းဆွဲတိုက်ခိုက်ခံရ‌ပြီး သူတို့က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတွေရှိတယ်။ အခုလိုမျိုး စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုတွေထပ်လုပ်မှာမို့ ပြည်သူတွေကလည်း သူတို့ရှိတဲ့နေရာတွေ အတတ်နိုင်ဆုံး ရှောင်နေကြပေးပါ” ဟု မြို့ပြပျောက်ကြားအဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါကားသည် ရဲတပ်သား ၆ ဦးခန့်ဖြင့် နေ့စဥ် စစ်ဆေးရေးဂိတ်သို့ လာရောက်လေ့ရှိ​ကြောင်း မြို့ပြပျောက်ကြားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်ခံရမှုအပြီးတွင် မြို့အဝင်ထွက် စစ်ဆေးမှုများ တင်းကြပ်ထားကြောင်း ​ဒေသခံများထံမှ သိရသည်။

အင်းတော်စစ်ဆေးရေးဂိတ်သည် မြို့ပြပျောက်ကြားအဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်ဦး သေဆုံးခဲ့သေးကြောင်း မြို့ပြပျောက်ကြားအဖွဲ့ – အင်းတော်ထံမှ သိရသည်။