ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက အကျဉ်းထောင်ဆူပူမှုဖြစ်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ထောင်တွင်း ဝင်ရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် အကျဉ်းကျခံနေရတဲ့ ကိုဝေယံဖြိုးသေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဝေယံဖြိုးမိသားစုဝင်တွေ အကျဉ်းထောင်အာဏာပိုင်တွေက မနေ့က ညနေပိုင်းမှ ဆက်သွယ်ခဲ့လို မိသားစု ဝင်တွေက ချောင်းသာကနေ ပုသိမ်မြို့ကို လိုက်လံခဲ့ပေမယ့် ကိုဝေယံဖြိုးအလောင်းကို ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ထိတွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ ဒီနေ့လည်ပိုင်းထိကို တွေ့ခွင့်မရသေးတာပါ၊ တစ်ခါထဲ သဂြိုလ်မယ်လို့လည်းပြောတယ်၊ အလောင်းက ဆေးရုံမှာလိုလို ထောင်မှာလိုလိုလုပ်နေတယ်၊ မိသားစုဝင်တွေကလည်းစောင့်နေတုန်းပါ”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အကျဉ်းထောင်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေရဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ကိုဝေယံဖြိုးအလောင်း ကို ပြန်ရဖို့အတွက် မိသားစုဝင်တွေက မနေ့ညက စတင်ပြီး ပုသိမ်အကျဉ်းထောင်ရှေ့က လပြည့်ဝန်းဟိုတယ် ရှေ့မှာ ငိုပြီးစောင့်နေခဲ့ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ကိုဝေယံဖြိုးအလောင်းကို မိသားစုဝင်တွေကို ပြန်မပေးသလို့ ပုသိမ်ရင်ခွဲရုံမှာလို့ ပြောဆို ပေမယ့် မသေချာတာကြောင့် မိသားစုဝင်တွေက ဘယ်မှာလိုက်တွေ့ရမယ်ဆိုတာ မသိဖြစ်နေရတယ်လို့ ပြောပါတယ်။
ကိုဝေယံဖြိုးသေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က မနေ့က ညပိုင်းမှာပဲ အကျဉ်းထောင်အတွင်း ဆူပူမှု ကြောင့် အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားလို့ တစ်ဦးသေဆုံးတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် အကျဉ်းထောင်နဲ့နီးစပ်သူတွေကတော့ ရဲတွေပစ်လို့ ဦးခေါင်းကို ၃ ချက်ထိမှန်ပြီး သေဆုံးခဲ့ရတာလို့ ပြောဆိုပါတယ်။