ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဇန်နဝါရီလ ၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့အဝင် မြောက်ဘက်နှင့် အနောက်ဘက်စစ်‌ဆေးရေးဂိတ်များအား ဇန်နဝါရီလ ၅ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မြိုင်မြို့အဝင်ရှိ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်စီအထိုင်ချထားသည့် မြောက်ဘက်နှင့်အနောက်ဘက်ဂိတ်များအား မြိုင်(ပကဖ)မှ တစ်ပြိုက်နက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးသေ ဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

“နှစ်ခုလုံးကမြို့အဝင်စစ်ဆေးရေးဂိတ်ကြီးပဲ၊ ၇လကျော်ပြီ သူတို့အထိုင်ချထားတာ၊ တစ်ဂိတ်အင်အား ၂၀ ကျော်ရှိတယ်၊ မြို့ထဲမှာတပ်စွဲထားပြီး စစ်ကူလာတာ ၃ မိနစ်နဲ့ရောက်လာတယ်၊ ပြန်စုံစမ်းပြီးသိရတဲ့သတင်းအရ ၇ ယောက်ဒဏ်ရာရပြီး အဲ့ဒီထဲက ၂ ယောက်သေတယ်လို့သိရတယ်” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ၁၅ မိနစ်ကျော်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြိုင်မြို့တွင်းရှိတပ်စွဲထားသည့်တပ်မှတပ်ကူလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကာ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မြိုင်(ပကဖ)သည် ဇန်နဝါရီလ ၄ ရက်နေ့လည်း ပခုက္ကူမြို့နယ်၊ကန်တော်ရွာစာသင်ကျောင်းရှေ့ရှိ ကား၊ ဆိုင်ကယ်များအား စစ်ဆေးနေသည့်စစ်ကောင်စီအဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြိုင် #မြို့အဝင်ဂိတ် #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #AyeyarwaddyTimes