ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ PDF တပ်ရင်းတွေအတွက် “မမ များနဲ့ပွဲကမယ်” စတုတ္ထပရောဂျက်ကို ယမန်​နေ့ ဇန်နဝါရီလ ၅ ရက်နေ့က စတင်နေပြီလို့ ဦးဆောင်ပြုလုပ်တဲ့ WLMF – We Love Myanmar Family ထံမှ သိရပါတယ်။

ပရောဂျက်ကာလစတင်တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ရရှိထားတဲ့လှူဒါန်းငွေတွေကို အရင်ပရောဂျက်တွေအတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD ထံ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပြီး MOD ရဲ့ စီမံချက်အတိုင်း ပေးအပ်သွားမှာလို့ WLMF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“စတုတ္ထပရောဂျက်မှာ ရလာတဲ့ အလှူငွေတွေကို အရင်ပရောဂျက်တွေအတိုင်းပဲ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD ကိုလွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ MOD ကမှတဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွင်းရှိ စစ်ဦးစီးချုပ်တွေမှ သက်ဆိုင်ရာစစ်ဒေသဖွင့်ထားတဲ့နေရာတွေက စစ်ဒေသမှူးများကတဆင့် လိုအပ်တဲ့နေရာတွေကို MOD ကသာစီမံပေးအပ်သွားမှာဖြစ်ပါတယ်”လို့ WLMF – We Love Myanmar Family အဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“မမ များနဲ့ပွဲကမယ်”ပထမပရောဂျက်မှာ ကယားပြည်နယ် ကရင်နီဒေသ၊ ဒုတိယပရောဂျက်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခရိုင် (၇) ခုနဲ့ တတိယပရောဂျက်မှာတော့ ချင်းပြည်နယ်နဲ့မကွေးတိုင်းအတွက်ကူညီပေးနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

“မမ များနဲ့ပွဲကမယ်” စတုတ္ထပရောဂျက်မှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ WLMF – We Love Myanmar Family အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှ တဆင့် ယုံကြည်စိတ်ချစွာလှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ပြောဆိုထားပါတယ်။

“ကျွန်မတို့ Website မှာချထားတဲ့ Link တွေကတဆင့် ယုံကြည်စိတ်ချစွာပါဝင်လို့ရပါတယ်၊ Certificate တွေဆိုရင် Scam Barcode တွေနဲ့ အဆင့်မြင့်မြင့်ပြုလုပ်ပေးထားပါတယ်၊ ငွေလှူမယ်ဆိုရင် Website ထဲက Link မှာပါတဲ့ ကိုယ်ရွေးချယ်တဲ့နိုင်ငံတစ်ခုကိုနှိပ်လိုက်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ သက်ဆိုင်ရာ Fundraiser ရဲ့ message box ထံတိုက်ရိုက်ရောက်ရှိသွားမှာဖြစ်တဲ့အတွက် စိတ်ချလုံခြုံစွာလှူဒါန်းနိုင်ပါမယ်” လို့ WLMF – We Love Myanmar Family အဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“မမ များနဲ့ပွဲကမယ်” စတုတ္ထပရောဂျက်မှာ ပါဝင်လှူဒါန်းလိုသူတဲ့ ပြည်တွင်း ပြည်ပအလှူရှင်တွေအနေနဲ့ WLMF – We Love Myanmar Family အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာဖြစ်တဲ့ www.wlmf.org မှတဆင့် ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။