နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ညောင်တုန်း)၊ ဇန်နဝါရီလ ၆ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ ဒီဇင်ဘာလပထမပတ်က မအူပင်ခရိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျီဝမ်းအဆင့်ရှိသူ ပါဝင်လုပ်ကိုင်နေတဲ့ သစ်မှောင်ခိုကားကို ဆားမလောက်လမ်းဆုံမှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မအူပင်ခရိုင် ဂျီဝမ်း ဗိုလ်မှူးကြီး နိုင်လွင် အဆုရှယ်ယာပါထားတဲ့ သစ်မှောင်ခိုအဖွဲ့ရဲ့ ကားကို ဖမ်းဆီးနိုင်ခဲ့ ပေမယ့် ပိုင်ရှင်မဲ့အဖြစ်ပြပြီး ရဲစခန်းမှာအမှုဖွင့်ခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက ပြောပါတယ်။
“နိုင်လွင်ဆိုတဲ့ စစ်ကောင်စီတပ်အကြီးအကဲက မအူပင်မြို့မှာ အာဏာသိမ်းပြီးထဲက ရောက်နေတာ၊ သူက မအူပင်မြို့က သစ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး သစ်မှောင်ခိုလုပ်နေတာ၊ မလေးရှားနိုင်ငံကို ပင်လယ်ဘက်ကနေ သစ်ခိုထုတ်နေတာကြာပြီ” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ဦးစီးပထမတန်းအဆင့် ဂျီဝမ်းဖြစ်သူ ဗိုလ်မှူးကြီး နိုင်လွင်ဟာ သစ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေတဲ့အပြင် သစ်ခိုးသယ်တိုင်းလည်း လမ်းကြောင်းရှင်းပေးတာမျိုးတွေ အဖမ်းခံရနိုင်တဲ့အခါ ရှောင်ခိုင်းတာမျိုးတွေကို နောက်ကွယ်ကနေ ပြောပေးလေ့ရှိသူဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဗိုလ်မှူးကြီး နိုင်လွင်ဟာ မအူပင်မြို့မှာရှိတဲ့ လောင်းကစားမျိုးစုံအပါဝင် အရက်ဆိုင်နဲ့ KTV ဆိုင်တွေကို လစဉ် ပိုက်ဆံတောင်းယူပြီး တရားမဝင်ဖွင့်ခွင့်ပေးထားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။