ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့်တရားမဝင်ရွေးကောက်ပွဲအတွက် စစ်ကောင်စီမှ ပြုလုပ်သည့် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူမှုအား ရသည့်နည်းဖြင့်ဆန့်ကျင်ရန် တော်လှန်ရေးအင်အားစုများမှ နှိုးဆော်ထားကြောင်းသိရသည်။

အဆိုပါ လူဦးရေစာရင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၃ ရက်တာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းကောက်ယူသွားမည်ဟု တော်လှန်ရေးအင်အားစုများထံက
သိရသည်။

နိုင်ငံအတွင်း လူဦးရေစာရင်းမှန်ကန်ရေးဟု ဆိုကာလူဦးရေ စရင်းကောက်ယူရန် ခေါင်းစဉ်တပ်ထားသော်လည်း လက်တွေ့တွင် CDMဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များ၊ တော်လှန်ရေးတွင်ပါဝင်သည့်တက်ကြွလှုပ်ရှားသူများနှင့် ၎င်းတို့၏မိသားစုများကိုပစ်မှတ်ထား ဖော်ထုတ်ရန်ရည်ရွယ်သည့်အတွက် ပြည်သူများမှ ပူးပေါင်းပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ လူဦးရေစာရင်းကောက်ယူမည့် ၂၃ ရက်တာကာလအတွင်း စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်အားငြင်းဆန်ရန်၊ ခြိမ်းခြောက်ကောက်ယူခြင်းများရှိပါက ရသည့်နည်းဖြင့်မှတ်တမ်းတင်ထားရန်၊ ငြင်းဆန်၍မရအောင် မတရားနည်းဖြင့်ခြိမ်းခြောက်လာပါကလည်း အချက်အလက်အမှားများပေးရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ဒါ့ပြင် မိမိပတ်ဝန်းကျင်ရှိ လူဦးရေစာရင်းကောက်ယူမှုအခြေအနေများအား သက်ဆိုင်ရာ Telegram Scout Channelများ၊ သတင်းမီဒီယာများ အပြင် နီးစပ်ရာ လူမှုကွန်ယက်ပေါ်ရှိအဖွဲ့အစည်းများသို့ အချိန်နှင့်တပြေးညီပို့ပေးရန်၊ အဆိုပါစာရင်းကောက်ယူခြင်းတွင်ပါဝင်သည့် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဝန်ထမ်းများအားလည်း မှတ်သားထား၍ NUGအစိုးရ၏ တရားရေးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာနသို့တိုင်ကြား နိုင်ကြောင်းလည်း သိရပါသည်။

စစ်ကောင်စီ၏ တရားမဝင်သည့်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ပြည်သူများအနေဖြင့်အထက်ပါအစီအစဉ်များအတိုင်း ပူးပေါင်းပါဝင်၍ကူညီပေးကြရန် တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
#Ayeyarwaddy_Times