ဧရာဝတီတိုင်းမ်
ဇန််နဝါရီလ ၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဥ်းသားများအနက်အမျိုးသား ၈ ဦးကို ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက ထောင်မှူးနဲ့ထောင်၀န်ထမ်းတွေက ခေါ်ယူရိုက်နှက်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၈ ဦးအနက် ၇ ဦးဟာ ပြန်ရောက်လာချိန်မှာ ရိုက်နှိပ်နှိပ်စက်ခံရတဲ့ဒဏ်ရာများကြောင့် သတိလစ်ကာ သွားများမရှိတော့ပဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိနေပြီး ကိုမဲကြီးဆိုသူကတော့ ပြန်ရောက်လာတာမတွေ့ရဘူးလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

” ညဘက်ကြီး ခေါ်ထုတ်သွားတာ။ ကို၀င်းထွန်းနိုင် အပါ ၈ ဦးလုံး။ မနက်ကြတော့ ၇ ဦးပဲ ပြန်ရောက်တာတွေ့တယ်။ ကိုမဲကြီးဆိုတဲ့လူက တိုက်ထဲမှာရော အဆောင်မှာပါမတွေ့တော့ဘူး” အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မနေ့က ညပိုင်းမှာပဲ နိုင်ငံရေးအကျဥ်းသားများအဆောင်များကိုပိတ်ပြီး အကျဥ်းထောင်က စစ်ပြေးရဲပြေးနဲ့ တန်းစီးများကို တုတ်ကိုင်ခိုင်းကာ အစောင့်ချထားလိုက်တယ်လို့ သူက ဆိုပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့ မနက်၉နာရီ ၄၅မိနစ်မှာတော့ ထောင်အတွင်းကနိုင်ငံရေးအကျဥ်းသားများနေထိုင်တဲ့အဆောင်တွေကို ရဲတပ်ဖွဲ့ အင်အား ၃၀ ခန့်၀င်ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ကာ ၀င်ရောက်ရိုက်နှက်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နိီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီမနက်ပဲ ထောင်ထဲက သေနတ်သံတွေကြားရတာ။ မနက် ၉ နာရီကျော်လောက်မှာ။ ဘာဖြစ်လဲတော့ သေချာမသိရဘူး။ ရဲကားတွေ ဝင်သွားပြီးတော့ ပစ်တာလို့ သိရတယ်”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။