ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်

ရန်ကုန်တိုင်း အတွင်း စစ်ကောင်စီ (စကစ) နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး တာဝန်မယူနိုင်သည့် အတွက် ဒုစရိုက်သမားများက လိုင်စင်ရထားသလို ခိုးဆိုးလုယက်မှုများ တွင်ကျယ်စွာ ကျူးလွန်နေကြောင်း ဒေသခံများက ပြောသည်။

စစ်တပ် နဲ့ ရဲကို အကြောင်းကြား ခေါ်ယူပါကလည်း လာရောက်ခြင်း မရှိဟု ဆိုသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ ဒေသခံ အမျိုးသား တစ်ဦးက“ကျွန်တော်တို့ မြို့နယ်မှာ ဒုစရိုက်သမားတွေက လိုင်စင်ရထားသလိုကို ခိုးဖွက် လုယက်နေကြတာ။ တစ်ခုခုဖြစ်လို့ စစ်တပ်နဲ့ ရဲတွေနဲ့ အုပ်ကြီးတွေ လှမ်းခေါ်လည်း မလာကြဘူး။ ခေါ်တဲ့လူတောင် အဆဲခံရတယ်။ အဲ့ဒီတော့ ခိုးဆိုးလုနှိုက်တွေက စိတ်ကြိုက်ကို လုပ်နေကြတာ။ ပြည်သူတွေမှာ ကိုယ့်ဟာကိုယ် သတိထားပြီး သွားလာ လုပ်ကိုင် နေရတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ရန်ကုန်တိုင်း အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) များနှင့် မြေအောက် တော်လှန်ရေး အင်အားစု (UG) များက တိုက်ခိုက်မှုများ ရှိသည့် နောက်ပိုင်း စစ်တပ်နှင့် ရဲများက ပြည်သူလူထု လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက် မပေးခြင်း ဖြစ်ကြောင်း လည်း မြို့ခံများက ပြောသည်။

သာကေတမြို့နယ်တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးကလည်း“ကျွန်မတို့ အိမ်ကို သူခိုးက ဝင်ဖောက်ခံရတော့ အိမ် သားတွေ နိုးလာလို့ မိတာ။ သူခိုးမှာက ဓားရှည်ပါတယ်။ ကျွန်မတို့ မိသားစုနဲ့ ရပ်ကွက်ထဲက လူတွေကိုပါ အကူအညီ တောင်းပြီး ဝိုင်းဖမ်းလို့ မိတော့ ရဲခေါ်တာ ကျွန်မကို ပြန်ပြောတာက ငါတို့ရဲ့လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲလို့ ပြန်မေးခံရတယ်။ အဲဒီတော့ သူခိုးတွေ၊ လူမိုက်တွေက ပေါ်တင်ပဲ လုပ်ချင်ရာလုပ်တာ။ မိုက်တဲ့သူကတော့ ပြန်သတ်မှပဲ ရမယ်။ သူတို့က ဘာမှ တာဝန်မယူဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ သာကေတ၊ သန်လျင်၊ မြောက်ဥက္ကလာ စသည် မြို့နယ်တို့သည် ခိုးဆိုး လုယက်မှုများကို ပေါ်ပေါ်ထင်ထင် တွင်ကျယ်စွာ လုပ်ကိုင်နေပြီး လုယက် သတ်ဖြတ်မှုများ မကြာခဏ ဖြစ်လေ့ရှိသည့် မြို့နယ်များ ဖြစ်သည်ဟုလည်း ဆိုသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်မြို့လယ်၌ပင် YBS ဘတ်စ်ကားများပေါ်မှာ ပြောင်ပြောင်တင်းတင်း လုယက်မှုများ ကျူးလွန်ခြင်း၊ ဘဏ်များကို ဓားပြတိုက်ခြင်း၊ နေအိမ်များအတွင်း ဝင်ရောက် ခိုးယူလုယက် သတ်ဖြတ်ခြင်းများကိုပါ ပြုလုပ် လာကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ် ဇေကမ္ဘာဝင်း အတွင်း ဆိုင်ကယ်နှင့် ဖုန်းများ လုယက်သည့် အဖွဲ့ကို ဖမ်းဆီးမိရာ ရဲဝန်ထမ်းဟောင်းများ ဖြစ်နေကြောင်း၊ ဖမ်းဆီးရမိသူများမှာ ရဲဝန်ထမ်းဟောင်းများ စုဖွဲ့ထားသည့် ခိုးဆိုးလုယက် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အငြိမ်းစား ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၆ ဦး ဖြစ်ကြောင်း ရပ်မိရပ်ဖ ၁ ဦးက သတင်းဌာနများကို ရှင်းပြပြောဆိုထားသည်။

#ရန်ကုန် #စစ်ကောင်စီတပ် #ရဲ #ဒုစရိုက်မှု #တရားဝင်
#Ayeyarwaddy_Times