ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇန်နဝါရီလ ၅ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက် မနက် ၇ နာရီဝန်းကျင်အချိန်က စစ်ကောင်စီယာဉ်တန်း ကား ၅ စီးကို မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်မှ ဘီလင်းမြို့နယ်ဘက်သို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၇ ဦးနှင့်အထက်ထိခိုက်သေဆုံးပြီး စစ်ကားတစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ရှိသူထံမှ သိရသည်။
“ဝေါဘက်ကနေ ဘီးလင်းဘက်ကိုသွားတာ။ စစ်ကောင်စီတပ်သား ထိခိုက်မှုကတော့ ၇ ဦးကနေ ၁၀ ဦးဝန်းကျင်ထိရှိနိုင်တယ်။ ကားကတော့တစ်စီးပျက်စီးသွားတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့ မိတ်ဖက်တပ်ပေါင်းစုဘက်က လုံခြုံစွာဆုတ်ခွာနိုင်ခဲ့တယ်”ဟု သထုံခရိုင် PDF တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးကားပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်ကိုတွေ့ရပြီး ပျက်စီးသွားသည့်စစ်ကားအားလည်း မိုင်းဆွဲခံရသည့်နေရာ၌ပင် ထားရစ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရခြင်းများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်း ၄ စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဓာတ်ပုံ – ပုံအဟောင်းဖြစ်သည်။
#ကျိုက်ထို #စစ်ကောင်စီယာဥ်တန်း #မိုင်းဆွဲတိုက်ခိုက် #သေဆုံး
#Ayeyarwaddy_Times