ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးရာထူးမှနှုတ်ထွက်ကာ နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ် လာတဲ့ ကျင်ဂန်က အမေရိကန်လူမျိုးတွေကို ချီးကျူးခဲ့ပြီး ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ မကြာသေးမီက နှစ်နိုင်ငံ ကြား တင်းမာမှုတွေ ရှိလင့်ကစား ဆက်ဆံရေး ကောင်းမွန်လာမယ်လို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော် တွေ့ခဲ့ဖူးတဲ့ အလုပ်ကြိုးစားပြီး ဖော်ရွေကာ အရည်အချင်းရှိတဲ့ အမေရိကန်လူမျိုးတွေက ကျွန်တော့်ကို အလွန်ကို အထင်ကြီးစေခဲ့ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ကျွန်တော့်မိတ်ဆွေတွေ အများ ကြီး ရှိပါတယ်” လို့ သူက ဆိုပါတယ်။
တရုတ်-အမေရိကန် ဆက်ဆံရေးတိုးတက်လာတာကို ထောက်ခံပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး မြှင့်တင် ကာ တရုတ်နိုင်ငံက ပျော့ပြောင်းသော သံတမန်နည်းလမ်းတစ်ရပ် ချမှတ်နေတယ်လို့ ကျင်ဂန်က ပြောပါတယ်။
နိုဝင်ဘာလအတွင်း သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ကြား ဆွေးနွေးပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ဒီနှစ်အစောပိုင်း ခရီးစဉ်ကြောင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်လို့ သူက ဆိုပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်း အနီး မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့လို့ရပ်ဆိုင်းခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုလိုမျိုး အမေရိကန်နဲ့တ ရုတ်ကြား ကိစ္စရပ်တွေဆွေးနွေးမှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။
ဝါရှင်တန်မြို့တော်မှာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန် အသက် ၅၆ နှစ်အရွယ်ရှိ ကျင်ဂန်ဟာ ဘတ်စကတ်ဘောပြိိုင်ပွဲမှာ ဘောလုံးပစ်ပြခြင်း၊ တွစ်တာစီအီးအို အီလွန်မတ်နဲ့အတူ လျှပ်စစ်ကား တစ်စီး အတူစီးနင်းပြခြင်းဖြင့် ပိုမိုနွေးထွေးသော တရုတ်နိုင်ငံရဲ့ သံခင်တမန်ခင်းကို ပြသခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့် အစီအစဉ်တွေကိုသာ ကြိုတင်သိရှိခဲ့ပါက တရုတ်နိုင်ငံက ရပ်တန့်ဖို့ ကြိုးပမ်းမယ်လို့ သူက ပြောကြားခဲ့ဖူးပါတယ်။
မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးမူဝါဒပိုင်းမှာ ရာထူးတိုးမြှင့်ခံခဲ့ရတဲ့ ဝမ်ယိရဲ့ နိုင်ငံ ခြားရေးဝန်ကြီး ရာထူးနေရာမှာ ကျင်ဂန်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ကိုးကား – Bloomberg
Ref; China’s new foreign minister ‘deeply impressed’ with Americans