နွေဦးမောင်/ဧရာဝတီတိုင်းမ်
(တွံတေး)၊ ဇန်နဝါရီလ ၅ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မချိုဇင်ရဲ့ မိသားစုဝင် ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် အသီးသီး ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကုန်းဝက်ချောင်းကျေးရွာမှာ နေထိုင်တဲ့ မချိုဇင်ကို စစ်တပ်အာဏသိမ်းပြီး ဧပြီလမှာဖမ်းဆီးကာ ထောင်ချခဲ့ပြီး ၅ လအကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး နောက်တစ်ကြိမ်လာရောက်ဖမ်းဆီးချိန်မှာ မချိုဇင်ကို မတွေ့လို့ မိသားစု ဝင်တွေကို ဖမ်းဆီးသွားပြီး ခုလို ထောင်ဒဏ်အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

“ ဖမ်းတဲ့အချိန်မှာလည်း ရိုက်နှက်တာတွေလုပ်သွားတယ်၊ စစ်ကြောရေးရောက်တော့လည်း အမျိုးမျိုး နှိပ်စက်တာတွေလုပ်တယ် မချိုဇင်ရဲ့မောင်ဆိုရင် ခြေသန်းပါ အဖြတ်ခံရတယ် ခုတော့ ထောင်ဒဏ်တွေ ချလိုက်ပြီ”လို့ မချိုဇင်နဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မချိုဇင်ကို မတွေ့လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကိုဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဒေါ်စန်းအေး၊ မခင်ပြုံးကြည်၊ ကိုအောင်ဇေယျနဲ့ မမြတ်သက်မော်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၂ (က)၊ ပုဒ်မ ၅၀ (ည) စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံတရားရုံးက ပုဒ်မအသီးသီးနဲ့တရားစွဲဆိုခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မချိုဇင် ရဲ့မိသားစုဝင်တွေကို ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ အသီးသီးပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ သိရပါတယ်။

#တွံတေး #စစ်ကောင်စီ #ထောင်ဒဏ်
#Ayeyarwaddy_Times