ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်

ကရင်ပြည်နယ်ရှိ ကရင့်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ် ကြီး အခြေစိုက်တပ်ရင်းတွေ မနေ့ကတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က ခလရ ၂၈၄ ယာယီတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက် မနည်းသေဆုံးခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေဆုံးခဲ့တဲ့သူတွေဟာ ခလရ ၂၈၄ က ယာယီတပ် ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း၊ ခလရ ၂၈၄ နဲ့ ခလရ ၃၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး သေဆုံးမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့မိန်းမလည်းပါဝင်ကာ ခလရ ၂၈၄ က ဗိုလ်ကြီးအဆင့် အရာရှိ ၁ ဦးအပါ ၅ ဦးခန့်ပျောက် ဆုံးနေတယ်လို့ သိရပါတယ်။

”မနေ့က တိုက်ပွဲမှာ ၂၈၄ ယာယီရင်းမှူးပေါ့ ဗိုလ်မှူးဆိုပေမယ့် ဒုဗိုလ်မှူးကြီး လစာ စားနေပီ၊ အပွင့်တင်ဖို့ဘဲ ကျန်တော့တဲ့ ဗိုလ်မှူး မင်းမောင်မောင်ဟိန်းကျတယ်။ တပ်ရင်း ၂ ခုပေါင်း အရာခံဗိုလ်တစ်ယောက်အပါ ၁၀ ယောက်ကျော် ကျတယ်၊ တပ်သားတစ်ယောက်ရဲ့မိန်းမလည်း ပါတယ်။ စီနီယာကပ္ပတိန် (ဗိုလ်ကြီး)တစ်ဦးအပါ ၅ ယောက် လောက် ပျောက်နေတယ်။ အသေရော အပျောက်ရောဆို ၂၀ ကျော်လောက်ရှိနိုင်တယ်။ ဒီနေ့လည်း အဲ့ဒီနားတစ်ဝိုက်တိုက်ပွဲထပ်ဖြစ်နေတာတွေရှိတယ်”လို့ နယ်မြေခံတပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း မနေ့ကကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ ခလရ ၂၈၄ တပ် ရင်းမှူးဟာ ဖမ်းဆီးခံရတဲ့တပ်မိသားစုဝင်တွေကိုလိုက်လံကယ်တင်ရင်း ဒဏ်ရာရရှိပြီးဆေးရုံမှာ ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်းဟာ စစ်တက္ကသိုလ်(DSA) ၄၆ ဆင်း အရာရှိ တစ်ဦးဖြစ်ပြီး စစ်ကောင်စီတိုက်ခိုက်ရေးခြေလျင်၊ခြေ မြန်တပ်ရင်းတွေမှာ DSA ၄၆ ဆင်း အရာရှိတွေဟာ တပ် ရင်းမှူးအဆင့်တွေဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ခလရ ၂၈၄ က စစ်တက္ကသိုလ်(DSA) ၅၃ ဆင်း ဗိုလ်ကြီး ဖြိုးမင်းသူအပါအဝင် ၅ ဦးခန့်ဟာ ယမန်နေ့ တိုက်ပွဲတွေအတွင်း ပျာက်ဆုံးနေကြောင်းသိရပြီး အဲ့ဒီပျောက်ဆုံးတဲ့သူတွေဟာ အရှင်ဖမ်းဆီးခံလိုက်ရတာလို့ ဧရာဝတီတိုင်းမ်ရဲ့နယ်မြေတပ်သတင်းရင်းမြစ်တွေကပြောဆိုပေမယ့် သူတို့ပျောက်ဆုံးနေမှုနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရဲဘော်တချို့တွေ ကျဆုံးခဲ့တယ်လို့ သိရပြီး တိုက်ပွဲအခြေအနေနဲ့ နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေတွေကို တော်လှန်ရေး အင်အားစုများဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

”မနေ့ကတိုက်ပွဲမှာ ပူးပေါင်းစစ်ကြောင်းတွေဘက်က ထိခိုက်ကျဆုံးမှုတချို့ရှိတယ်။ တိုက်ပွဲအခြေအနေ ကိုတော့ စစ်ကြောင်းတွေဘက်က ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်သိသလောက်ကတော့ စစ်ကောင်စီဘက်က ထိခိုက်သေ ဆုံးများတယ်၊ စစ်ကြောင်းတွေဘက်က လက်နက်ခဲယမ်းတွေအများအပြား သိမ်းဆည်းရမိတယ်” လို့ မြေပြင် တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ KNLA တပ်မဟာ ၆ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

#ကရင်ပြည်နယ် #ကြာအင်းဆိပ်ကြီး #တိုက်ပွဲ #စစ်ကောင်စီတပ် #ကျဆုံးမှု #များပြား #Ayeyarwaddy_Times