ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းမှာရှိတဲ့ မတ်ပဲခင်းတွေမှာ မှိုမျိုးစိတ်တစ်ခုကျရောက်နေတာကြောင့် ဧကထောင်နဲ့ချီပြီး ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟင်္သာတခရိုင်အတွင်းက ဟင်္သာတ၊ လေးမျက်နှာ၊ ဇလွန်၊ မြန်အောင်၊ အင်္ဂပူနဲ့ ကြံခင်းမြို့နယ်တွေသာမက ပုသိမ်ခရိုင်ထဲက ရေကြည်မြို့နယ်တွေက ဧကထောင်နဲ့ချီတဲ့မတ်ပဲခင်းတွေမှာ မှိုရောဂါကျရောက် နေတာကြောင့် အပင်တွေဝါပြီး အသီးတွေကြုံလှီတာ၊ အသီးမသီးတာတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
“လေးမျက်နှာကနေ ဟင်္သာတ၊ ငါးသိုင်းသွားတဲ့ လမ်းဘေးတွေမှာရှိတဲ့ မတ်ပဲစိုက်ခင်းမှန်သမျှတော့ အကုန်ဖြစ်တယ်၊ ဗိုင်းရပ်လိုမျိုးပဲ။ ပိုးသတ်လည်း တစ်ကွင်းလုံးကျနေတော့ ထိန်းမနိုင်တော့ဘူး။ အဲ့ပိုးကျရင် အပင်တော့ မပျက်ဘူး။ အပင်တွေဝါပြီး အသီးကောင်းကောင်း မသီးတော့ဘူး။ အပင်က အညွန့်မတက်ဘဲ အညွန့်တုံးသွားတယ်။ အဲတော့ အထွက်နှုန်းကတော့ တော်တော်ကို လျော့မယ်သဘောရှိတယ်”လို့ လေးမျက်နှာမြို့နယ်က ဒေသခံ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒေသခံတောင်သူတွေအနေနဲ့ ပိုးသတ်ဆေးသုံးဖို့အတွက်လည်း မြန်မာနိုင်ငံမှာထုတ်တဲ့ ပိုးသတ်ဆေးဝယ်သုံး ရင်တောင် တစ်ဗူးကို ၈၂၀၀၀ ကျပ်ထိပေးနေရပြီး ၅ ဧကအထိသာ အသုံးပြုနိုင်တာကြောင့် တောင်သူတွေ ပိုးသတ်ဆေးဝယ်ဖြန်းဖို့ မတတ်နိုင်ဖြစ်နေတယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်းမှာ ဟင်္သာတခရိုင်က မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပြီး ယခုလို မှိုမျိုးစိတ်ကြောင့် မတ်ပဲအထွက်နှုန်းတွေကျဆင်းခဲ့ရင် စိုက်ပျိုးစရိတ်တွေ ဆုံးရှုံးမှာကို ဒေသခံတောင်သူတွေ စိုးရိမ်နေကြပါတယ်။
#မတ်ပဲ #ပိုးကျ #Ayeyarwaddy_Times