ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီလ ၅ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ့်တွင်းသို့ စစ်ကြောင်းထိုးရန်အတွက် မုံရွာ-အလုံ ချင်းတွင်းတံတားထိပ် မင်းဒေါင့်ဆိပ်ကမ်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီ ရေယာဥ်တစ်စီးကို ဇန်န၀ါရီလ (၃) ရက်နေ့ မနက်(၁၀)နာရီခန့်က PDF ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း-၉ ထံမှ သိရသည်။

“သူတို့ ဦးတည်တာက ဆားလင်းကြီးဘက်ကို စစ်ကြောင်းထိုးဖို့လို့ သတင်းရတယ်ဗျ။ မင်းဒေါင့်ဆိပ်ကမ်းကနေ အောက်ကိုစုန်လာတုန်း တစ်ဖက်ပွင့်ရှေ့ထွက်မိုင်းနဲ့ လမ်းတစ်၀က်ကနေ ကြားဖြတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါဗျ။ ကျနော်တို့ဘက်က မိုင်းနဲ့ ပစ်တဲ့အချိန်မှာ ရန်သူ့ဘက်ကလည်း စက်ကလေးနဲ့ရော လက်နက်ငယ် နဲ့ရော ပြန်ပစ်တယ်ဗျ။ ကျွန်တော်တို့ပွိုင့်ဆွဲတော့ မော်တော်ကိုထိမှန်တဲ့အသံနဲ့ သူတို့ပြန်အော်တဲ့အသံတွေတော့ကြားတယ်ဗျ။ သူတို့ဘက်ကတော့ အထိအခိုက် ရှိနိုင်တယ်ဗျ။ သူတို့ဘက်က ပြန်ပစ်တော့ ရှောင်ရတာရယ် အနောက်ဘက်ကမ်း တက်သွားတာဆိုတော့ ထိခိုက်ကျဆုံးမူတော့ သတင်းမရလိုက်ဘူးဗျ။ စက်ခါး ရွာကိုကပ်ပြီး ဆားလင်းကြီးဘက် တက်သွားတယ်လို့သတင်ရတယ်ဗျ။ ကျွန်တော်တို့ဘက်ကတော့ ပွိုင့် ဆွဲပီး လေကြောင်းရန်ကိုကြောက်လို့ပြန်လည်ဆုတ်ခွာရတယ်ဗျ။အထိအခိုက်အကျဆုံးတော့ ကျွန်တော်တို့ဘက်ကမရှိဘူးဗျ”ဟု မုံရွာခရိုင်တပ်ရင်း-၉ ၏ သတင်းမှန်ပြန်ကြားရေး တာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မူကို Farmers Revolution Force(2)မုံရွာခရိုင်တပ်ရင်း-၉ က ဦးဆောင်ခဲ့ပြီး ညီနောင်မဟာမိတ်များဖြစ်ကြသည့် မုံရွာခရိုင်တပ်ရင်း(၈)၊ မုံရွာခရိုင်တပ်ရင်း(၁၂)တို့ ​ပူးပေါင်းကာ တစ်ဖက်ဖွင့်ပြောင်းတိုက် ၅ လက်မ ၅ လုံး၊ ၄ လက်မ ၃လုံးတို့ဖြင့် ပွိုင့် (၃) နေရာခွဲပြီး ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခက်ခဲကတော့ အများကြီးဗျ။ အဓိကကတော့ ကျွန်တော်တို့က လက်နက် ခဲယမ်းပဲဗျ။ လက်နက်ခဲယမ်းပြည့်စုံရင် အခုထက်ပိုပြီး လုပ်နိုင်တယ်ဗျ။ ပွဲများများ ကလို့ရတာပေါ့ဗျာ။ ထိရောက်မှုလဲပိုတာပေါ့ဗျ ။ ပြည်သူကိုအားကိုးပြီး ရပ်တည်ရတာဆို တော့ပြည်သူတွေရဲ့အထောက်ပံ့တော့လိုအပ်တာပေါ့ဗျာ။ ဘယ်လိုပဲအခတ်အခဲတွေရှိနေပါစေ ပြည်သူအားလုံးအတွက် အောင်မြင်အောင်ကြိုးစားသွားမှာပါ” ဟု မုံရွာခရိုင်တပ်ရင်း-၉ ၏ သတင်းမှန်ပြန်ကြားရေး တာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် လက်နက်ခဲယမ်း အလုံအလောက်မရှိခြင်းကြောင့် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြရန် မုံရွာခရိုင် တပ်ရင်း(၉)မှ တိုက်တွန်းပြောဆိုထားသည်။