ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်ချ မှတ်တာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြား ခဲ့ပြီး လူထုခေါင်းဆောင်ကို ချက်ချင်း လွှတ်ပေးဖို့ ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီ တရားရုံးတစ်ရုံးဟာ မကြာသေးမီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက် စားမှုစွဲချက်နဲ့ ထောင်ဒဏ်ခုနှစ်နှစ် ထပ်တိုးချမှတ်ခဲ့လို့ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်အထိ ကျခံရဖွယ်ရှိနေပါ တယ်။

“စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တာကို ကု လသမဂ္ဂ အတွင်းရေးမှူးချုပ်က အလွန်အမင်း စိုးရိမ်ပြီး လူထုခေါင်းဆောင်နဲ့ သမ္မတ ဉီးဝင်းမြင့် အပါအဝင် မတ ရား ထိန်းသိမ်းခံရသူတွေအားလုံး ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ အန်တိုနီယိုဂူတာရက်စ်ရဲ့ လက် ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားပါတယ်။

“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဉပဒေအရ တန်းတူညီမျှခွင့်၊ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိသောခုံရုံးမှာ တရားမျှတစွာ ကြားနာပိုင်ခွင့်ကို ပြဌာန်းထားတဲ့အပြင် လူတိုင်း ခုခံခွင့်ပေးဖို့ ဖော်ပြ ထားပါတယ်” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ စွဲချက်တင်ခဲ့ပေမယ့် လူထုခေါင်းဆောင်က စွဲ ချက်အားလုံးကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရှုတ်ချတဲ့ စကားလုံးတွေနဲ့ မလုံလောက်တာကြောင့် အပြင်းအထန် အရေး ယူကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးစ်က ကမ္ဘာ့ခေါင်း ဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀၀ ကျော်ကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ချမှတ်ပြီး တစ်ပတ်အကြာမှာ အခုလို ထပ်တိုးပြစ်ဒဏ် ချမှတ်ခဲ့တာလို့ အန်ဒရူးစ်က ဆိုပါတယ်။

“အာဏာသိမ်းစစ်ကောင်စီဟာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ရှုတ်ချတဲ့စကားလုံးတွေထက် အရေးယူဖို့သာ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။

ကိုးကား – ANI
Ref; UN chief reiterates call for release of Myanmar’s ousted leader Aung San Suu Kyi