ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ လွတ်လပ်ရေးနေ့က အလံမထောင်တဲ့နေအိမ်တွေကို ဒဏ်ငွေရိုက်ဖို့အတွက် စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာ လွတ်လပ်ရေးနေ့က သက်ဆိုင်ရာ ရပ်ကွက်အလိုက်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရာအိမ်မှူးတွေက အလံမထောင်တဲ့နေအိမ်တွေကို လိုက်မှတ် တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘မနေ့ကထဲကလိုက်မှတ်နေတာတော့ တွေ့တယ် ဘာအတွက်လည်းသား သေချာမသိတာ ဒဏ်ငွေရိုက်ဖို့ဆိုတာ ဖြစ်နိုင်တယ် အပေါ်ကညွှန်ကြားတာဆိုတော့ သူတို့အတွက် ပိုလုပ်လို့ ကောင်းသွားတာပေါ့ ဒီိတိုင်းလည်း အကြောင်းမရှိ အကြောင်းရှာ ပိုက်ဆံကောက်နေတဲ့ကောင်တွေပါ’လို့ မြို့ပေါ်ရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
လွတ်လပ်ရေးနေ့ အလံမထောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တစ်အိမ်ကို ဒဏ်ငွေ ၂၀၀၀၀ ဒဏ်ရိုက်မယ်ဆိုပြီး ရပ်ကွက်ထဲ သတင်းထွက်တာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်သူအများစုကတော့ အလံထောင်တာများပြီး လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တွေသာ အလံမထောင်တာများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ပုသိမ် #လွတ်လပ်ရေးနေ့ #အလံမထောင် #နေအိမ် #ဒဏ်ငွေရိုက် #အရေးယူ
#Ayeyarwaddy_Times