ဧရာဝတီတိုင်းမ်
(ကနီ)၊ ဇန်နဝါရီလ ၅ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပန်းဆိုင်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ အမြန်ရေယာဉ်တစ်စီးအား ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်၌ ကျောက်လုံးကြီး- KLG တပ်မဟာနှင့် ပူးပေါင်းအဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအနီးတွင်သောင်တင်နေသည့် စစ်ကောင်စီရေယာဉ် ၂ စီးအားတပ်ကူပေးရန်လာသည့် အမြန်ရေယာဉ်အား ညနေ ၅ နာရီမှ ည ၈ နာ၇ီအထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး အမြန်ယာဉ်အားမီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျောက်လုံးကြီး-KLGတပ်မဟာထံမှ သိရသည်။
“ဒီမှာက တိုက်ပွဲတွေဖြစ်နေတာကြာပြီ။ ၁၈ ရက်နေ့ထဲကလာတဲ့သင်္ဘောတွေက သောင်တင်နေတာ။ အဲ့ဒီက သင်္ဘော ၂ စီးက ကနီကိုရိက္ခာပို့သွားတာ။ ပြန်လာတော့ ညောင်ပင်ကွင်းရွာနားသောင်တင်နေတယ်။ ကူဖို့လာတဲ့အမြန်ယာဉ်ကိုကြားဖြတ်တိုက်တာ။ မျက်မြင်ကတော့ ယာဉ်ကိုသိမ်းနိုင်တော့အလောင်း ၂ လောင်းပါတယ်။ ကျန်တဲ့သူတွေက သေနတ်တွေယူပြီး ရေကူးပြေးတာ။ နောက်စက်လှေအသေးတစ်စီးပေါ်ကို ကျွန်တော်တို့ကလာဖို့ခေါ်သေးတယ်။ မလာဘဲထွက်ပြေးတော့ပစ်ခတ်ခဲ့တယ်။ အားလုံးပေါင်း ၁၀ ဦးဝန်းကျင်သေနိုင်တယ်” ဟု ကျောက်လုံးကြီးတပ်မဟာတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါအမြန်ယာဉ်အား သိမ်းဆည်းရမိစဉ် ယာဉ်ပေါ်မှစစ်ကောင်စီတပ်သားများမှ ယာဉ်ဘေးရှိစက်လှေအသေးဖြင့်ထွက်ပြေးခဲ့ကြပြီး ချင်းတွင်းမြစ်တစ်ဖက်တစ်ချက်တွင်စစ်ကောင်စီစစ်ကြောင်းရှိနေသည့်အတွက် အမြန်ရေယာဉ်အား သိမ်းယူခြင်းမပြုဘဲ မီးရှို့ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားအလောင်း ၂ လောင်းအပါအဝင် ဆန်အိတ် ၅၅ အိတ်၊ ဆီပုံး ၁ ပုံး၊ ပဲအိတ် ၃ အိတ်၊ စစ်သုံးကျော်ပိုးအိတ် ၃ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်နှင့် ဦးထုပ် ၂ လုံး ရရှိခဲ့ကြောင်း KLGတပ်မဟာထံမှသိရပါသည်။
#ကနီ #စစ်ကောင်စီ #ရေယာဥ် #PDF #တိုက်ခိုက်သိမ်းပိုက် #ရိက္ခာတင်ယာဥ် #မီးရှို့ဖျက်ဆီး
#Ayeyarwaddy_Times