ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်

ယနေ့ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်သည့် (၇၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့ တွင် အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား (၃၁၆) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူ ၃၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိပဲ ခိုးမူအပြင် တခြားအမူများဖြင့် နှစ်ရှည်ထောင်ဒဏ်ချခံနေသူများ အများဆုံးပါဝင်နေကြောင်း စစ်တွေမြို့အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

စစ်တွေထောင်အနီးနေထိုင်သည့် ဒေသခံတစ်ဦးက “ မွတ်ဆလင်လူမျိုးတွေ များတယ်။ အရင်နှစ်ကလည်း မွတ်ဆလင်တွေ လွတ်တာများတယ်။ အခြားအမူတွေ သိပ်မပါဘူးလို့သိရတယ်။ အဓိက ခိုးမူနဲ့ ထောင်ဒဏ်ကျနေတဲ့သူတွေ လွတ်တာလို့ သိရတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ ၅၇ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၂၉ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ ၂၄ ဦးနှင့် သံတွဲ အကျဉ်းထောင်မှ ၂၀၆ ဦး တို့ဖြစ်ကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ပေးသည့်ထဲတွင်လည်း မွတ်ဆလင် လူမျိုးအများဆုံးဖြစ်ကြောင်း ဘူးသီးတောင်မှ တက်ကြွလူပ်ရှားတစ်ဦးကပြောသည်။

“မွတ်ဆလင် သုံးပုံနှစ်ပုံပါတယ်။ ပြောရရင် မွတ်ဆလင် အယောက် ၂၀ နဲ့ ရခိုင်သား ၉ လောက်ပေါ့။ အခုလွတ်တဲ့အထဲမှာ ဆေးမူတွေ၊ မုဒိမ်းမူတွေနဲ့လူတွေ မပါဘူးလို့လည်းသိရပါတယ်။ နောက်ပြီး အရင်က အကျဉ်းသားတွေကို လွတ်ပေးတဲ့အခါမှာ ပြစ်ဒဏ်ရဲ့ လေးပုံတစ်လေ။ အခုက ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းခွင့်ပေးတယ်လို့သိရတယ်”ဟု ဘူးသီးတောင်မှ တက်ကြွလူပ်ရှားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီပိုင်းသတင်းဌာနဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနမှ ယနေ့ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား စုစုပေါင်း (၇၀၁၂) ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ကြောညာထားသည်။

ယခုလွတ်မြောက်လာသည့် အကျဉ်းသားများအနေဖြင့် ထပ်မံပြီး ပြစ်မူကျူးလွန်လျှင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁)အရ ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#ရခိုင် #လွတ်ငြိမ်းခွင့်ရ #အကျဥ်းသား #နိုင်ကျဥ်း #ခိုးမှု #ရာဇာဝတ်မှု
#Ayeyarwaddy_Times