ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည့် ရန်ကုန်မြို့မှ အလွတ်တန်းသတင်းထောက် မသူဇာမှာ ယနေ့တွင် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ် မြောက်ခဲ့ကြောင်း သတင်းရရှိသည်။
အာဏာသိမ်း စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင် ဘာလ ၁ ရက်နေ့တွ အလွတ်သတင်းထောက် မသူဇာကို ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီးနောက် အင်းစိန်ထောင်တွင် ဖမ်းဆီးထိမ်းသိမ်းထားခဲ့သည်။ ထို့နောက် အင်းစိန်ထောင်တွင်းရှိ စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
စစ်ကောင်စီ၏အင်းစိန်ထောင်၌ ၁ နှစ် ၄ လကျော် ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီးနောက် ယနေ့တွင် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
“မသူဇာ ဒီနေ့ပဲ အင်းစိန်ထောင်က ပြန်လွတ်ပါတယ်။ သူကျန်းကျန်းမာမာပဲ ရှိနေပါတယ်။ သူ့ကို စစ်ကောင်စီက ထောင်ထဲမှာ ၁ နှစ်နဲ့ ၄ လ အကျဉ်းချခဲ့တာပေါ့လေ။ အခုတော့ သူ့အိမ်ပြန်ရောက်ပြီး သူ့မိသားစုနဲ့ ပြန်လည်ဆုံတွေ့နေပါပြီ”ဟု သတင်းထောက် မသူဇာ၏မိတ်ဆွေ ရန်ကုန်မြို့မှ သတင်းထောက် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အလွတ်တန်းသတင်းထောက် မသူဇာမှာ ယခင်က မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်တို့မှာ သတင်းထောက်၊ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သတင်းထောက်လုပ်သက် ၁၅ နှစ်နီးပါးရှိ လုပ်သက်ရင့်သတင်းထောက်တစ်ဦး ဖြစ်သည်။