ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်
စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ဒေသခံများကို ခြိမ်းခြောက်၍ ပါတီထဲသို့ အဓမ္မ ဝင်ရောက်ခိုင်းနေကြောင်း သတင်းရရှိသည်။
ထန်းတပင်မြို့နယ်ရှိ လယ်ယာမြေများကို အကွက်ဖော်၍ရောင်းချထားသူများ၊ အဆိုပါမြေယာအတွင်း နေထိုင်ကြသူများနှင့် မြေယာပိုင်ဆိုင်မှုမခိုင်မာဘဲ ကျူးကျော်ကဲ့သို့ နေထိုင်သူများကို ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများက အဓိကထား၍ ပါတီဝင်အဆိုပြုလွှာများဖြည့်ခိုင်းကာ ပါတီထဲ အဓမ္မဝင်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
“အခုက နစကကောင်စီက ကျူးကျော်အိမ်ယာတွေ လိုက်ဖျက်နေတယ်၊ ငါတို့အိမ်ယာတွေ အဖျက်မခံချင်ရင် ကြံ့ခိုင်ရေးပါတီထဲ ဝင်ထားကြ၊ ဖျက်မယ်ဆိုရင် ငါတို့ရွာက ကြံ့ခိုင်ရေးပါတီများပါတယ်ဆိုပြီး ပြောလို့ရတယ်၊ အိမ်ယာတွေ အဖျက်မခံချင်ရင် ပါတီဝင်ထားဆိုပြီး အဆိုပြုလွှာတွေ လိုက်ဖြည့်ခိုင်းနေတာ။ ရွာက ကြံ့ခိုင်ရေး စည်းရုံးရေးမှူးတွေက အဲ့လိုဖိအားပေးပြီး လိုက်လုပ်နေတာ။ ရွာတွေမှာ သူတို့ကိုကြောက်ပြီး ဖြည့်ကြတဲ့လူတွေ အများကြီးပဲ”ဟု ထန်းတပင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ပါတီစုံရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု အာဏာသိမ်း စစ်ကောင်စီက ကြေညာထားပြီး အဆိုပါ ရွေးကောက်ပွဲဝင်ရန် ကြံ့ခိုင်ရေးပါတီက ရန်ကုန်တိုင်းအပါအဝင် ဒေသအနှံ့အပြားတွင် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ထန်းတပင်က လယ်ကွက်တွေထဲ အိမ်ယာကွက် ဖော်ထားသူတွေ၊ နေနေတဲ့လူတွေက အများကြီးလေ။ သူတို့အိမ်ယာတွေ အဖျက်ခံရမှာကြောက်ပြီး သူတို့ခိုင်းတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီဝင်ဖောင်တွေ ဖြည့်ကြတာ”ဟု အဆိုပါ ဒေသခံက ဆိုသည်။
ထိုသို့ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများက ခြိမ်းခြောက်၍ ပါတီထဲဝင်ခိုင်းသူအရေအတွက် ရာနှင့်ချီ ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။
နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီအဖြစ်ပြောင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲဟူသော မဲမသမာမှုများ၊ အငြင်းပွားမှုများစွာဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရအဖြစ် ၅ နှစ် တာဝန်ယူခဲ့သည်။
စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများအပြား အနိုင်ရဖို့ မျှော်လင့်ခဲ့ပြီး စစ်တပ်နှင့်ပေါင်းကာ အစိုးရဖွဲ့နိုင်ရန် ရည်မှန်းချက်ထားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့်နောက် NLD အစိုးရက မဲလိမ်မဲခိုးသည်ဟု စွပ်စွဲခဲ့ပြီး စစ်တပ်ကိုလည်း အာဏာသိမ်းရန် တိုက်တွန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအာဏာသိမ်းမှုကိုလည်း ကြိုဆိုခဲ့သောပါတီဖြစ်သည်။
လက်ရှိတွင်လည်း နိုင်ငံတကာမှ အသိအမှတ်ပြုမည်မဟုတ်ကြေင်း ကြိုတင်ပြောဆိုမှုများရှိနေသည့် စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲဝင်ရန် ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီက အပြင်းအထန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။