ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဇန်နဝါရီလ ၃ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကုန်းသာရွာတွင် ဇန်နဝါရီလ ၂ ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်က ဆည်မြောင်းရုံးအနီးစစ်ဆေးရေးဂိတ်သို့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅(နွေဦးအဖွဲ့)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကုန်းသာရွာစစ်ဆေးရေးဂိတ်ကြီးမှ ဆည်မြောင်းရုံးရှေ့စစ်ဆေးရေးဂိတ်သို့ လာရောက်သည့်စစ်ကောင်စီတပ်သား ၂ ဦးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေရာ၌ပင်လဲကျသွားကြောင်း Bago Region PDFထံမှ သိရသည်။

“ထိသွားတဲ့ ၂ယောက်ကဒဏ်ရာပြင်းတယ်။ သေသွားပြီလို့လဲသတင်းကြားရတယ်။ မသေချာဘူး။ သူတို့မိုင်းထိပြီးတော့ သူတို့ ၂ ယောက်ကို ပေါက်တောတပ်ထဲကိုပြန်သယ်သွားကြတယ်။ ပြည်ဆေးရုံကိုပို့တယ်လို့လဲသတင်းကြားတယ်။ အဲ့ဒါတော့အတည်မပြုနိုင်ပါဘူး”ဟု ပဲခူးတိုင်းPDF သတင်းပြန်ကြားရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးဝန်းကျင်ရောက်ရှိလာပြီး သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ကာ ဒဏ်ရာရသည့်သူ ၂ ဦးအားပေါက်တောတပ်အတွင်း ခေါ်ဆောင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅(နွေဦးအဖွဲ့)သည် ဒီဇင်ဘာလ ၂၇ ရက်ကလည်း ရွှေတောင်မြို့နယ်၊ ပွဲသာရွာထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

#ပေါင်းတည် #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #မိုင်းဆွဲတိုက်ခိုက်ခံရ
#Ayeyarwaddy_Times