ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာခြင်းဆက် ခင်းထားတဲ့ ကွန်ကရစ် လမ်းအသစ်ကို ကင်းစောင့်ခိုင်းပြီး မစောင့်နိုင်တဲ့ပြည်သူတွေကို ဒဏ်ငွေ ၅၀၀၀ ဒဏ်ရိုက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကုန်းကျေးရွာကနေ ငှက်ပျောတောကျေးရွာလမ်းကို ကွန်ကရစ်ခင်းနေတာဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည်ပိုင်းက ငှက်ပျောတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ရွာသားတွေကို တစ်အိမ်တစ်ယောက် အစည်းဝေးခေါ်ကာ ကင်းစောင့်ဖို့ ခေါ်ပြောခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“နေ့ရော ညပါ လုံခြုံရေးစောင့်ဖို့ပြောတာ။ မစောင့်လို့မရဘူး မစောင့်ရင် တစ်အိမ် ၅ ထောင် ဒဏ်ကြေးဆောင်ရမယ်လို့ ပြောတယ်။ အာဏာရှင်ဆန်ဆန်ပဲပြောတာ” လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ကျေးရွာခြင်းဆက် ခင်းနေတဲ့ ကွန်ကရစ်လမ်းကို ဒေသခံပြည်သူတွေကို အစည်းဝေးခေါ်ပြီး နေ့ရော ညပါ ကင်းစောင့်ဖို့ အမိန့်ပေးခိုင်းစေခဲ့တာဖြစ်ပြီး ဒါဟာ မဖြစ်နိုင်တာ ခိုင်းပြီး ပိုက်ဆံတောင်းတာလို့ ဆိုပါတယ်။
ခုလိုမျိုး ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတာဝန်ယူပြီး ပြည်သူတွေကို မတရားတဲ့ အမိန့်တွေပေးပြီး စေခိုင်းနေတာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို သိစေချင်တယ်လို့ ဒေသခံ တွေကပြောပါတယ်။