ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ မြို့ရှောင်လမ်းတွင် ယနေ့ မနက် ၈ နာရီဝန်းကျင်ခန့်က ဆန်အိတ်များတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး လမ်းဘေးရှိကျွန်းပင်အား ဝင်တိုက်မိပြီး တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်သူ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ဘက်မှ လယ်တော်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါ ကုန်တင်ကားမှာ ဟင်္သာတမြို့ မြို့ရှောင်လမ်းဘေးရှိ ကျွန်းပင်အား ဝင်တိုက်မိကာ တိမ်းမှောက်သွားခြင်းဖြစ်ပြီး ယာဥ်မောင်းဖြစ်သူ သေဆုံးသွားကြောင်း ဟင်္သာတခရိုင်ကွန်ရက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ရောက်သွားချိန်မှာ ကားက လမ်းဘေးက ကျွန်းပင်ကိုတိုက်ပြီးမှောက်နေတာဗျ။ ကားထဲပါလာတဲ့သူက သေဆုံးနေပြီ။ ကားထဲမှာ ညှပ်နေတော့ ကားကိုကရိန်းနဲ့မပြီး ထုတ်ခဲ့ရတယ်။ ကျွန်တော်တွေ့တာတော့ ကားထဲမှာတစ်ယောက်ထဲပဲတွေ့တယ်”ဟု ဟင်္သာတခရိုင်ကွန်ရက် လူနာတင်ယာဉ်အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ ဒေသခံ မီးသတ်အဖွဲ့နှင့်လူမှုရေးအဖွဲ့များ လာရောက် ကူညီပေးခဲ့ကြောင်း ယာဥ်မောင်းဖြစ်သူ၏ ရုပ်အလောင်းမှာ ကားထဲတွင် ညှပ်နေသဖြင့် ကရိန်းဖြင့် ခက်ခဲစွာ ဆွဲထုတ်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – ဟင်္သာတခရိုင်ကွန်ရက်
#ဟင်္သာတ #မြို့ရှောင်လမ်း #ဆန်တင်ကား #တိမ်းမှောက် #ယာဥ်မောင်း #သေဆုံး
#Ayeyarwaddy_Times