ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ KTV ဆိုင်များ တွင် WY မူးယစ်ဆေးဝါး ရောင်းချမှုများပါ ပြုလုပ်နေကြောင်းဒေသခံများထံကသိရသည်။

စစ်အာဏာသိမ်းပြီးနောက် တရားမဝင်ကေတီဗွီများ အများအပြားပေါများလာကာ အဆိုပါနေရာများတွင် WYဆေးပြားများ ပေါ်ပေါ်တင်တင် ရောင်းချနေကာ လူငယ်အများစုမှာလည်း သွားရောက်သုံးစွဲမှုများပြားနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျတော်တို့မြို့ဆိုရင် မြို့ကသာကျဉ်းတာ ကေတီဗွီက ၁၀ ဆိုင်ကျော်ရှိတယ်၊အဲ့နေရာတွေမှာ လူငယ်တွေအတော်များများက WYဆေးပြားတွေသုံးစွဲနေကြတာ ၊အဲ့ဒီဆိုင်တွေမှာလုပ်တဲ့ ကောင်မလေးတွေလဲ ဆေးသုံးပြီး ဘဝတွေပျက်ကြ၊လူငယ်အတော်များများလဲ ဆေးစွဲပြီးနောက်ပိုင်း ရာဇဝတ်မှုဖြစ်တဲ့အထိလုပ်လာကြတယ်၊သိပ်မကြာသေးခင်ကဘဲ ကောင်မလေးတစ်ယောက်ကို သတ်ပြီး ရေတွင်းထဲပစ်ချခဲ့တာတွေလဲ ရှိလာနေပြီ၊အရင်ကအဲ့လိုမကြားခဲ့ဖူးဘူး၊အခုတော့မြို့ထဲတွေအပြင် ကျေးလက်ဖြစ်တဲ့ဒေါင့်ကြီးလိုရွာဘက် အထိ ပျံ့နှံ့ပြီး လူငယ်တွေဆေးစွဲနေကြပြီ” ဟု ပန်းတနော်မြို့ခံအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ WYဆေးပြားများကို ကေတီဗွီများအပြင် လမ်းဘေးကွမ်းယာဆိုင်များတွင်ပါ တရားဝင်သဖွယ် လိုင်းကြေးပေးပြီး ရောင်းချနေကြောင်း မြောင်းမြဒေသခံတစ်ဦးကပြောသည်။

“ကျမတို့မြို့မှာတော့ လမ်းဘေးကွမ်းယာဆိုင်မှာ လူ ငယ်တွေ ဝိုင်းအုံနေပြီဆိုရင် သေချာသလောက်က အဲ့ဆိုင်မှာဆေးပြားရောင်းနေတာ သေချာသလောက်ဘဲ၊သူတို့က ဆေးလိပ်ထဲထည့်ပြီး ရောင်းနေတာလို့ ပြော တယ်၊ရောင်းတဲ့သူတွေကလည်း ရဲတွေကိုလိုင်းကြေးပေးပြီး ရောင်းချနေကြတာ” ဟု မြောင်းမြမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့နီးစပ်သူများသည် အဆိုပါ WY ဆေးပြားများရောင်းချပြီး အချိန်တိုအတွင်း ချမ်းသာသွားကြကာ လူငယ်အများစုမှာ မူးယစ်ဆေးသုံးစွဲမှုပိုမိုမြင့်တက်လာပြီး ဖမ်းဆီး ထောင်ချခံရသူများလည်း အများအပြားရှိနေ ကြောင်း သိရသည်။

“ရောင်းချတဲ့သူတွေကတော့ ခဏလေးချမ်းသာ သွားကြတာပေါ့ဗျာ။ ကျတော့်သားလေးကတော့ အပေါင်းသင်းတွေနဲ့ ကေတီဗွီသွား အရက်သောက်ပြီး အခုတော့ ဆေးသုံးလို့ မိတော့ ထောင်ကျနေတယ်ဗျာ။ တကယ်ရောင်းချတဲ့ လက်ကြီးသမားတွေကျတော့မဖမ်းဘဲ သုံးစွဲတဲ့လူငယ်တွေကိုဘဲ ဖမ်းတာတော့ တရားမျှတမှုမရှိဘူး” ဟု မအူပင်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်း တရားမဝင်ကေတီဗွီများ၊အရက်ဆိုင်များ၊ကြက်ဝိုင်း၊ဂျင်ဝိုင်းများအပါအဝင် လောင်းကစားအမျိုးမျိုးကို စစ်ကောင်စီကလိုင်းကြေးယူ တရားဝင်ခွင့်ပြုပေးထားပြီး ဒုစရိုက်မှုများလည်းပိုမိုများပြားလာသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံများထံကသိရသည်။

#Ayeyarwaddy_Times