ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာမှာ ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ကျည် ကျေးရွာထဲက လူနေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ မဇွပ်ယန်အချုပ်ထောင်နား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်ကနေ ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်ပေါ်ကို တည့်တည့်ကျတာ။ အိမ်ကတော့ ရစရာမရှိအောင်ကို ပျက်စီးသွားတာ။ အိမ်ကလူတွေက ရှောင် အိပ်တော့ အိမ်စောင့်ကျတဲ့ ဦးလေး ၁ ဦးပဲ ထိသွားတာ။ ညကပစ်တာ အားလုံး ၇ လုံး ၈ လုံးလောက်ရှိမယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိပေမယ့် ညပိုင်းရောက်တာနဲ့ ကျေးရွာတွေဘက်ကို မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က ကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဆန်ခါကျေးရွာနေ အသက် ၅၂ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။