ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာတွင် ယနေ့ မနက်ပိုင်းက တရားမဝင်ရောက်ရှိနေသည့် ရိုဟင်ဂျာလူမျိူး ၉ ဦးနှင့် ပွဲစား ၂ ဦးတို့ ဖမ်းဆီးခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှသိရသည်။

အဆိုပါ ပွဲစား ၂ ဦးနှင့်အတူ အမျိုးသမီး ၂ ဦး အပါအဝင်ရိုဟင်ဂျာလူမျိုး ၉ ဦးတို့သည် ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်က တိုးကြောင်ကလေးဘူတာတွင် ရန်ကုန်-မော်လမြိုင် အဆန်ရထားအား စီးနင်းရန် စောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဘူတာမှာ ဒီလူတွေရောက်နေတယ်ပေါ့။ မူမမှန်ဘူး ပေါ့။ သတင်းရတယ်ထင်ပါတယ်။ ချက်ချင်းရောက် လာကြတာ။ အားလုံး ၉ ယောက်။ ပွဲစားနှစ်ယောက်က တစ်ဖွဲ့စီခွဲပြီး မသိသလိုနေနေကြတာ။ သူတို့က မော်လမြိုင်သွားကြမှာ။ ဒီထိရောက်အောင် ဘယ်လိုဖြတ်လာကြလည်းတော့ မသိဘူး”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ပွဲစားသန်းဝင်း(ခ)အာရွတ်၊ ပွဲစားကျော်သူရ၊ ရိုဟင်ဂျာ အမျိုးသား (၇)ဦးနှင့် ရိုဟင်ဂျာအမျိုးသမီး (၂)ဦးတို့ဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းကလည်း လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာရှိ တပင်ရွှေထီးလမ်းဘေးတွင် ရိုဟင်ဂျာ အမျိုးသား ရုပ်အလောင်း ၁၃ လောင်းကို လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူများနှင့်အတူ ရိုဟင်ဂျာ ၃၃ ဦးကို ဆီဘောက်ဆာကားဖြင့် သယ်ဆောင်လာစဥ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#မြောက်ဒဂုံ #စစ်ကောင်စီ #မော်လမြိုင် #ရိုဟင်ဂျာ #ဖမ်းဆီးခံရ
#Ayeyarwaddy_Times