ဧရာဝတီတိုင်းမ်
(ကနီ)၊ ဇန်နဝါရီလ ၃ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၇ စီးနှင့် ခြေလျင်လုံခြုံရေးယူစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ၃၀ ရက်နေ့အထိ ၁၂ ရက်တာထိ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ချင်းတွင်းတိုက်ဂါး – CTPDFမှ သတင်းထုတ်ပြန်ထားသည်။

“ဖလပ်နဲ့ကျောက်မှော်ဘက်ကနေစပြီး တိုက်ပွဲဖြစ်တာ။ ၁၈ ရက်နေ့ကစပြီးတိုက်ပွဲဖြစ်နေတာ။ ၁၉ ရက်နေ့မှာတော့ ကျောက်မှော်ကပြည်သူတွေကိုကယ်ထုတ်ရင်းရဲ့ ရဲဘော် ၂ ယောက်ကျတယ်။ သူတို့ဘက်ကထိတာများတော့ မုဌောရွာဘက်တိုက်ပွဲမှာ လေယာဉ်နဲ့ပါ စစ်ကူလာတယ်။ ရေကြောင်းကျဥ်းတယ်။ သူတို့ ရေကြောင်းတန်းတက်မယ်ဆို တက်မရဘူး၊ အဲ့ဒီတော့ကမ်းတစ်လျောက်စစ်ကြောင်းထိုးတာ” ဟု ချင်းတွင်းတိုက်ဂါး-CTPDFအဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတီတိုင်းမ်ကိုပြောသည်။

လေယာဉ်ဆီနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများတင်ဆောင်လာသည့် စစ်သင်္ဘောများအား ခြေလျင်လုံခြုံရေးယူပေးလာသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများနှင့် ကနီမြို့နယ်တစ်လျှောက်တွင် ၆ ကြိမ်ခန့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ချင်းတွင်းတိုက်ဂါး – CTPDF အဖွဲ့တာဝန်ရှိသူမှ ပြောသည်။

စစ်ကောင်စီမှ ချင်းတွင်းမြစ်တစ်ဖက်တစ်ချက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်တစ်ကြိမ်၊ ၂၃ ရက်နေ့တွင်တစ်ကြိမ်၊ ၂၅ ရက်နေ့တွင်တစ်ကြိမ်၊ ၂၈ ရက်နေ့တွင် တစ်ကြိမ် ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၃၁ ရက်နေ့မှသာ နယ်မြေရှင်းလင်းရေးပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

“အခုဝော့ာ ကနီမြို့ပေါ်ရောက်သွားပြီးစစ်ကြောင်းက၊ သင်္ဘောတွေကတော့ မနေ့ကထိရှိသေးတယ်။ အဲ့ဒီကပစ္စည်းတစ်ချို့ကိုမော်တော်ယာဉ်ပေါ်တင်ပြီး ကနီမြို့ပေါ်ဘက်တစ်ခါသွားတယ်။ ဘုတလင်ဘက်တစ်ခါဆင်းသွားတာတော့တွေ့တယ်။ ရဲဘော်တွေကလည်း အထိခိုက်အကျရှုံးတာတွေနဲ့ ဆေးကုသရမှာတွေရှိပြီး ကျဆုံးတဲ့ရဲဘော်တွေကိုလည်း မီးသင်္ဂြိုလ်ရမှာမို့ ပြန်ဆုတ်ခွာလာကြတယ်ဗျ” ဟု ချင်းတွင်းတိုက်ဂါး – CTPDF အဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း နဂါးညီနောင်အထူးတပ်ဖွဲ့မှမှ ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး ပူးပေါင်းအဖွဲ့မှရဲဘော် ၂ဦးကျဆုံးကာ ရဲဘော် ၁၀ ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအား ချင်းတွင်းတိုက်ဂါး-LPDFအဖွဲ့နှင့်အတူ နဂါးညီနောင်အထူးတပ်ဖွဲ့၊ KLG(တပ်မဟာ)၊Alpha Special Force၊ Truth Of Force၊Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ Yoma Fighter PDF ၊ ဗိုလ်မုတ်ဆိတ်(တပ်ခွဲ)၊ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ဗျတ္တညီနောင်၊ချိုမိုင်မိုင်၊B 21 PDF၊ထန်းပင်(LPDF)၊ Chindwin Tiger(PDF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

#ကနီ #စစ်ကောင်စီ #၁၂ရက်တာတိုက်ပွဲ #PDF
#Ayeyarwaddy_Times