ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ရွာအနီးတွင်ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်အချိန်က ချောင်းတောင်တံတားပေါ်၌ ဖြတ်သန်းသွားလာသည့် အမျိုးသမီး ၂ ဦးကို ဆိုင်ကယ်ပေါ်မှမဆင်း၍ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နှင့် ချောင်းတောင်ရွာအားဆက်သွယ်ထားသည့် ချောင်းတောင်ရေးမြစ်ကူးတံတားပေါ်တွင် ဆိုင်ကယ်ပေါ်မှဆင်း၍ လမ်းဆင်းမလျှောက်သောကြောင့်ဟုဆိုကာ အမျိုးသမီး ၂ အားသေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦးမှာ လက်မောင်းကျည်ထိဒဏ်ရာရပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေရကြာင်း ​ဒေသခံများထံမှ သိရသည်။

“တံတားမှာ ဆိုင်ကယ်ကို လမ်းဆင်းလျှောက်ဆိုပြီးအမိန့်ထုတ်ထားတာ။ ကောင်မလေး ၂ ယောက်က ဆိုင်ကယ်ကိုစက်သတ်ပြီး ခြေထောက်နဲ့တွန်းသွားတာ။ အဲ့တာကိုလမ်းမလျှောက်လို့ဆိုပြီးပစ်တာ။ ဒဏ်ရာပြင်းထန်တဲ့တစ်ယောက်က ဝယ်ပေါင်ရွာက သားဖွားဆရာမ၊ သူ့ယောကျာ်းကလည်းအဲ့ဒီရွာကမွန်ဆေးမှူးပဲ” ဟု ရေးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်မောင်းကျည်ထိဒဏ်ရာရသည့်အမျိုးသမီးမှာချောင်းဝောာင်ရွာမှဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့်အမျိုးသမီး မနန္ဒာမှာ မွန်ပြည်သစ်နယ်မြေထဲရှိ ဝယ်ပေါင်ရွာမှသားဖွားဆရာမတစ်ဦးဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်တွင်၂၀၂၁ ခုနှစ် ဩဂုတ်လမှစတင်ပြီး တံတားများတွင် ဆိုင်ကယ်ဖြတ်သန်းသွားလာပါက တွန်း၍ခြေလျင်ဖြတ်ရမည်ဟု ဒေသန္တရအမိန်ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်မှ ပြည်သူများအားလည်း အကြောင်းမဲ့ပစ်သတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

#ရေး #ချောင်းတောင်ရွာတံတား #အမျိုးသမီး #ဆိုင်ကယ် #စစ်ကောင်စီ
#Ayeyarwaddy_Times