ကိုအေး/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – MGPDFက အရေးပေါ်လိုအပ်နေသော ဒရုန်းများဝယ်ယူရန်အတွက် ကံစမ်းမဲလက်မှတ်များ ရောင်းချနေကြောင်းသတင်းရရှိသည်။

ကံစမ်းမဲလက်မှတ်များမှာ တစ်စောင်လျှင်တစ်သောင်းကျပ်ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက စတင်ရောင်းချနေခြင်းဖြစ်ကာ ဖေဖော်ဝါရီလ ၁၂ရက်နေ့အထိ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသိရသည်။

“ကျွန်တော်တို့ ပထမသုံးတဲ့ဒရုန်းတွေကို စစ်ကောင်စီဘက်က ဂျန်ပါအထိုင်စက်တွေနဲ့ရေဒီယိုလှိုင်းဖျက်တဲ့ပုံစံလို ဝင်မရအောင် ပျံလို့မရအောင်ဆွဲယူတာတွေ၊ တွန်းထုတ်တာတွေ လုပ်တော့ ပျက်စီးမှုတွေရှိခဲ့တယ်။ ဒီပရောဂျက်အောင်မြင်ရင် ကျတော်တို့လိုချင်တဲ့ဒရုန်းတွေ ရရှိမှာပါ။ ဒီဒရုန်းတွေက ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ မစ်ရှင်တွေထွက်လာရင် သိရမှာပါ။ အဲ့အတွက်လဲ ရဲဘော်လေးတွေကို လိုအပ်တဲ့သင်တန်းတွေ လုပ်ပေးနေပါတယ်ဗျ။ ကျတော်တို့ဘက်က ချပြမရတဲ့ဟာတွေလဲ ရှိတာပေါ့ဗျာ။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ဒီပရော့ဂျက်လေးကို အားစိုက်ပြီး ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းပါတယ်”​ဟု မြိုင်မြို့နယ်ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – MGPDF အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်မဲအစောင်ရေ ၃၀၀ ဝန်းကျင်ရောင်ချပြီးဖြစ်ပြီး ပထမဆုအဖြစ် ကွန်ပျူတာ၊ ဒုတိယဆုအဖြစ် ကင်မရာနှင့် တတိယဆုကို ဖုန်းများကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

#မြိုင်မြို့နယ်ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ဒရုန်း #ကံစမ်းမဲလက်မှတ် #ရောင်းချ
#Ayeyafwaddy_Times