ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်
သြစတေးလျနိုင်ငံ ဂိုးလ်ကို့စ်ကမ်းခြေအနီး ရဟတ်ယာဉ်နှစ်စင်း ဝေဟင်မှာတိုက်မိလို့ လူလေးဉီး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
ရဟတ်ယာဉ်နှစ်စင်းပေါ်ရှိ အခြားခရီးသည်ကိုးဉီးကို ဒဏ်ရာတွေ ကုသပေးခဲ့တယ်လို့ ကွင်းစလန်ပြည် နယ် လူနာတင်ယာဉ်ဌာနက ပြောပါတယ်။ ဒဏ်ရာအခြေအနေ စိုးရိမ်ရတာကြောင့် အမျိုးသမီးတစ်ဉီးနဲ့ ကလေး ငယ်နှစ်ဉီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။
ရဟတ်ယာဉ်နှစ်စင်း ဝေဟင်မှာ တိုက်မိရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ်လို့ သြစတေးလျ သယ် ယူပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရေးဗျူရို (ATSB) က ပြောပါတယ်။
ဘရစ္စဘိန်းမြို့တော်ရဲ့တောင်ဘက် ၄၇ မိုင်ခန့်အကွာ နာမည်ကျော် ခရီးသွားနေရာတစ်ခုဖြစ်တဲ့ Main Beach ဆိုတဲ့ ကမ်းခြေတစ်လျောက် ဝေဟင်မှာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီဝန်းကျင်က ယခုဖြစ်စဉ် ဖြစ်ပွား ခဲ့တာပါ။
ရဟတ်ယာဉ်တစ်စင်းက အထက်သို့ပျံတက်ပြီး အခြားတစ်စင်းက ဆင်းသက်စဉ် မတော်တဆ တိုက်မိခဲ့ပုံ ပေါ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ဂါရီဝါရယ်လ်က သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူလေးဉီးနဲ့ ဒဏ်ရာရရှိသူသုံးဉီးက ရဟတ်ယာဉ်တစ်စင်းထဲကဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။ “သဲသောင်ပြင်ပေါ်မှာ တည်ရှိတဲ့အခြေအနေကြောင့် အရေးပေါ်အကူအညီတောင်းခံဖို့ ခက်ခဲခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ရဟတ်ယာဉ်တွေ တိုက်မိတဲ့ အထောက်အထားတွေရှာဖွေဖို့၊ အပျက်အစီးတွေ စစ်ဆေးဖို့နဲ့ မျက်မြင် သက်သေတွေကို မေးမြန်းဖို့ ဘရစ္စဘိန်းနဲ့ ကင်ဘာရာမြို့တော်ရှိ စုံစမ်းစစ်ဆေးရေးမှူးတွေကို အခင်းဖြစ်ရာနေရာ သို့ စေလွှတ်ခဲ့ပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုနဲ့ပတ်သက်တဲ့ ကနဉီး အစီရင်ခံစာကို ခြောက်ပတ်မှ ရှစ်ပတ်အတွင်း၊ အပြီးသတ် အစီရင်ခံစာကို စုံစမ်းစစ်ဆေးမှုပြီးရင် တင်ပြရမယ်လို့ ATSB ကော်မရှင်နာမင်းကြီး အန်ဂတ်စ်မစ်ချယ်က ပြောပါ တယ်။
ကိုးကား – BBC
Ref; Australia helicopter collision: Four dead in mid-air incident over Gold Coast