နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇန်နဝါရီလ ၂ ရက်
စစ်ကောင်စီက အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာ ဥပဒေသစ်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်း အတွင်းက လူမှုရေးအသင်းတွေနဲ့ ပရဟိတအသင်းတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။
အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အဲ့ဥပဒေသစ်ထဲမှာပါတဲ့ စည်းမျဉ်း စည်းကမ်း တွေကြောင့် ဆက်လက်ရပ်တည်ဖို့ခက်ခဲလာတာလို့ ဒေသခံပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။
“ အဓိကတော့ နေ့စဉ်သွားတဲ့ လမ်းကြောင်းတွေကို သတင်းပို့ရမယ်ဆိုတဲ့ အချက်နဲ့ မှတ်ပုံမတင်ဘဲ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်မယ်ဆိုတဲ့ အချက်တွေကြောင့်ပါ”လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်ထက် အသစ်ထုတ်ပြန်လိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာ ဥပဒေသစ်ထဲမှာ လူမှုရေး အသင်းအဖွဲ့တွေဟာ မှတ်ပုံတင်မထားဘဲ လူမှုကူညီကယ်ဆယ်ရေးတွေလုပ်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ငွေဒဏ် ၁၀ သိန်းထိဖြစ်စေ ချမှတ်ခံရမယ်ဆိုတဲ့ အချက်ကြောင့်လည်း ပရဟိတအသင်းအဖွဲ့တွေ အနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာတာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ဖိနှိပ်မှုအမျိုးမျိုးနဲ့ စားဝတ်နေရေးခက်ခဲလာမှုတွေကြောင့် အသင်း အဖွဲ့ မှတ်ပုံတင်ဖို့အတွက်အလှူငွေကောက်ခံမရတော့တာကြောင့်လည်း ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတာ ဖြစ်တယ်လို့ ဒေသတွေ ပရဟိတအသင်းအဖွဲ့ဝင်တွေက ပြောဆိုပါတယ်။
#ဧရာဝတီ #လူမှုကူညီရေးအသင်း #ရပ်တည်
#Ayeyarwaddy_Times