ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်း စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည် ၁၀ နာရီခွဲလောက်က ရိုဟင်ဂျာလူမျိုး ၃၉ ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာလူမျိုးများမှာ အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဖြစ်ပြီး တင်ဆောင်လာတဲ့ ကားယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

“ကျောက်သယ်တဲ့fawကားနဲ့တင်လာတာ အထဲမှာအံဝှက်လုပ်ပြီး လိုက်လာကြတာ ဂိတ်က စစ်တော့ ကားကရပ်မပေးပဲ မောင်းပြေး ပြီး မြ၀တီရပ်ကွက်မှာကားရပ်ထားလို့ စစ်ကြည့်တာအထဲမှာရိုဟင်ဂျာ၃၉ဦးကိုတွေ့တာပဲ”လို့
ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းမိသူတွေဟာ ရခိုင်ပြည်နယ်ဘက်ကနေ ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ၀င်ရောက်လာတာ ဖြစ်နိုင်တယ်လို့ ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာ ၃၉ ဦးကို စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့၀င်တွေက ဟင်္သာတမြို့မရဲစခန်းကို ရွှေ့ပြောင်းပြီး လဝက ဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းနဲ့နိီးစပ်သူတွေဆီကနေသိရပါတယ်။

ယနေ့ ဖမ်းဆီးရမိမှုဟာ ဧရာဝတီတိုင်းမှာ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံးအကြိမ်ဖမ်းဆီးရမိတာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကလည်း ရိုဟင်ဂျာလူမျိုး ၆၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ၁၀၀ ကျော်ဟာ အကျဥ်းထောင်တွေမှာ ထောင်ဒဏ်ပြစ်ဒဏ်ကျခံနေရတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

#ဟင်္သာတ #မြို့အဝင် #စစ်ဆေးရေးဂိတ် #ရိုဟင်ဂျာ #ဖမ်းဆီးခံရ
#Ayeyarwaddy_Times