
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ပုသိမ်မြို့ကနေအပြန် နေပြည်တော်ရောက်တဲ့ညမှာပဲ မြေငလျင်တစ်ခု ည ၁၁ နာရီလောက်မှာ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်(ခ)ချက်တာစကေး ၃ ဒဿမ ၅ အဆင့်ရှိတဲ့ မြေလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးတာမျိုး မရှိပေမယ့် နေအိမ်တွေ တုန့်ခါသွားတဲ့အထိ လှုပ်ခတ်ခဲ့တာကြောင့် ပြည်သူတော်တော်များများ ထိတ်လန့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လှုပ်တာတော့ ည ၁၁ နာရီလောက်ထင်တယ် သိမ့်ခနဲ သိမ်ခနဲဖြစ်သွားတာပေါ့ ထိခိုက်ပျက်စီးတာမျိုးတော့ မကြာမိဘူး သိပ်လည်းမကြာပါဘူး ခဏပါပဲ”လို့ နေပြည်တော်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြေပြင်လှုပ်ခတ်တာနဲ့ပတ်သက်ပြီး နိမိတ်ကောက်သူတွေကတော့ ဝါဆိုလအတွင်း မြေငလျင်လှုပ်ခတ်ရင် မင်းပြောင်းမင်းလွှဲအတွက် လှုပ်ခတ်တာဖြစ်တယ်လို့ နိမိတ်ကောက်ယူတာတွေလည်းရှိနေပါတယ်။
ဒါပြင့် မြေငလျင်လှုပ်ခတ်မှုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်မှာရှိနေချိန် လှုပ်ခတ်တာဖြစ် တာကြောင့် မင်းပြောင်းမင်းလွှဲအတွက် အတိတ်ပေးလှုပ်ခတ်တာဖြစ်တယ်လို့ ပြောဆိုသုံးသပ်နေကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်မသွားရောက် ရှေ့တရက်မှာလည်း ရန်ကုန်တိုင်းထဲက မြို့နယ် တော်တော်များများမှာ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။
ဇူလိုင်လထဲမှာတင် မြေငလျင်ဟာ မြန်မာနိုင်ငံထဲမှာ ၃ ကြိမ်ထိလှုပ်ခတ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ဝါဆိုလဆန်း ၉ ရက်နေ့ထိ မြေငလျင် ၃ ကြိမ်ထိ လှုပ်ခတ်ခဲ့တာကြောင့် မင်းပြောင်းမင်းလွှဲအတွက် အတိတ် နိမိတ်ပေးတာမျိုး မဟုတ်ရင်တောင် တိုင်းရေး ပြည်ရေးနဲ့ ပတ်သက်ပြီး ပြောင်းလည်းမှုကြီးကြီးမားမားရှိလာ မှာဖြစ်တယ်လို့ နိမိတ်ကောက်သူတွေက ပြောဆိုကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အသက် ၆၅ နှစ်ပြည့်ပြီး ၆၆ နှစ်ထဲဝင်လို့ အညံနှစ်ထဲကို ရောက်နေလို့ ယတြာချေတာတွေလည်း ပိုမိုပြုလုပ်လာတယ်လို့ တပ်အသိုင်းဝိုင်းက ပြောဆိုမှုတွေရှိပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။