
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ စစ်ကောင်စီက ရန်ပုံငွေရယူကာ KTV တွေကို ညလုံးပေါက်ဖွင့်ခိုင်း ထားတယ်လို့ သိရပါတယ်။
ညလုံးပေါက် KTV တွေဖွင့်ခွင့်ပေးထားတဲ့အထဲမှာ ကားဝန်းထဲက Music Zone KTV မှာ အသံကျယ်လောင်းစွာ ဖွင့်နေတာကြောင့် ညအိပ်ချိန်တွေမှာ ပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ကျွန်တော်လည်း တပ်ထောက်ခံသူပါ ဒါပေမယ့် မဟုတ်တာတော့ လက်မခံဘူး ခုက ရန်ပုံငွေအကြောင်းပြ ပြီး အဲ့လောက်ဆူနေတော့ ပြည်သူတွေ အိပ်မရတော့ဘူး တိုင်လို့လည်းမရဘူး စစ်ကောင်စီက အရေးယူတာမျိုး လည်းမရှိဘူး”လို့ မြောင်းမြမြို့ခံ တပ်ထောက်ခံသူ တဦးက ဧရာဝတီတိုင်းမ်ကို ဆက်သွယ်ပြောဆို လာပါတယ်။
အဆိုပါ KTV ကို ပိုင်ဆိုင်သူမှာ ကြံ့ခိုင်ရေးပါတီဝင် သန်းဇော်ဦး ဆိုသူဖြစ်ပြီး မြို့စားကြီး KTV လည်းဖွင့် ထားသလို ညစဉ် ၃ နာရီကျော်တဲ့အထိ ဖွင့်လှစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် KTV အကြောင်းပြကာ စစ်တပ်နဲ့ပေါင်းပြီး အမျိုးသမီးငယ်အချို့နဲ့ လိင်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပါ လုပ်ကိုင်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။