ဧရာဝတီတိုင်းမ်
(နမ့်ဆန်)၊ ဇန်နဝါရီ ၂ ရက်

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ နမ့်ဆန်မြို့နယ်၊ TNLA၏ တပ်မဟာ(၂)စစ်ဒေသ၊လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဗိုလ်သင် တန်းကျောင်း(ATA) နှင့် အလုပ်သင်အရာရှိ(TAOT) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဇန်နဝါရီ (၂)ရက်နေ့၌ သတင်း ထုတ်ပြန်သည်။

သင်တန်းဆင်းပွဲသို့ PSLF/TNLA ဒုဥက္ကဌ(၁) ဗိုလ်ချုပ်တားဂျုတ်ဇား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိူဝ်ပ္လါင်တို့တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ဗိုလ်လောင်း(၅၁)ဦးနှင့်အလုပ်သင်အရာရှိ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ပြီး အရာရှိဖြစ် တင်မြှောက်ထားသည့်ဗိုလ်နှင့် အရာရှိများကို သက်ဆိုင်ရာ တပ်မဟာ၊ တပ်ရင်း၊ တပ်ခွဲအလိုက် ဦးဆောင်သည့် အခန်းကဏ္ဍတွင် တာ၀န်ခန့်အပ်ပေးသွားမည်ဖြသ်ကြောင်း PSLF/TNLA၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

သင်တန်းဆင်း အရာရှိများသည် ဦးဆောင်မှုအခန်း ကဏ္ဍတွင် ဦးဆောင်ကာ တအာင်းနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို ကျွမ်းကျင်စေရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အရာရှိများ၏ လိုက်နာရမည့်ကျင့်၀တ်များ၊ ပေးအပ်သည့်တာ၀န်၀တ္တရားများ ကျေပွန်စွာထမ်းဆောင်ရန်ကိုလည်း တစ်နှစ်ကြာ သင်တန်းတွင် ထည့်သွင်းသင်ကြားခဲ့သည်ဟု ဆိုသည်။

တစ်ဆက်တည်းတွင် ဗိုလ်သင်တန်း ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးစွမ်းရည်၊ နိုင်ငံရေးဘာသာရပ်များ၊ စစ်ရေးများ ကျွမ်းကျင်စေရန် စာတွေ့၊လက်တွေ့ (၃)နှစ်တာ သင်ကြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – TNLA
#Ayeyarwaddy_Times