ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၂ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီးရှိ Mytel တာဝါတိုင်အား ယနေ့ ဇန်နဝါရီလ ၂ ရက် မနက် ၈ နာရီဝန်းကျင်တွင် YE ဘီလူးအဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် တာဝါတိုင်ဆီသို့ စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ်ပါး YEဘီလူး အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျုံလောင်းရွာဟောင်းရှိ Mytel တာဝါတိုင်အောက်ခြေရှိ ထိန်းချုပ်ပစ္စည်းများရှိရာ ပုံးနှင့် စလောင်းတို့အားဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တာဝါတိုင်ရှိရာသို့ စစ်ကြောင်းတက်လာသည့် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း YE ဘီလူးအဖွဲ့ထံမှ သိရသည်။
“တာဝါတိုင်နားမှာတော့ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ပြောသံကြားတယ်။ အဲ့တာကြောင့် သေနတ်ဖောက်ပြီးစမ်းကြည့်တော့ ပြန်ပစ်တာမရှိဘူး။ တာဝါတိုင်နား မြေမြှပ်မိုင်းတွေရှိမြှုပ်ထားတယ်လို့လဲသတင်းကြားရတယ်။ တာဝါတိုင်အောက်ကစက်ပုံးနဲ့ အပေါ်ကစလောင်းကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်” ဟု YEဘီလူးမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် အထိအခိုက်မရှိ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု YE ဘီလူးအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။
YEဘီလူးအဖွဲ့သည် ဒီဇင်ဘာလ ၂၇ ရက်ကလည်း ကျောင်းပို့ရာမှပြန်လာသည့် စစ်ကောင်စီလက်အောက်ခံစစ်ကားအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – YEဘီလူးအဖွဲ့ဝင်များအား မြင်တွေ့စဥ်။
#ရေး #စစ်ကောင်စီ #Mytel #တာဝါတိုင် #ဖောက်ခွဲ #ကြားဖြတ်တိုက်ခိုက်
#Ayeyarwaddy_Times