ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း CDM ဒု-စာရင်းအင်းမှူး မယုယုမွန်နှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မနန်း တွယ် တာဦး တို့ကို စစ်ကောင်စီလက်အောက် မော်လမြိုင်ခရိုင်တရားရုံးက ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်သားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သူ နေပြည်တော် ဗဟိုစာရင်း အင်းအဖွဲ့ ဒု-စာရင်းအင်းမှူး ရာထူးကနေ CDM ပြုလုပ်ခဲ့တဲ့ မယုယုမွန် နဲ့ ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး၊ ဗသကအဖွဲ့ဝင်ဟောင်း မနန်းတွယ်တာဦးတို့ဟာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှား မှုတွေမှာပါဝင်ခဲ့လို့ စစ်ကောင်စီရဲ့လိုက်လံဖမ်းဆီးမှုကိုရှောင်တိမ်းနေရာမှ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မော်လမြိုင်မြို့မှာရှိတဲ့နေအိမ်တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။
မယုယုမွန်နဲ့ မနန်းတွယ်တာဦးတို့ ဖမ်းဆီးခံရပြီးနောက် ၇ လနီးပါးအကြာမှာ စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တာလို့ ၎င်းတို့နဲ့နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။
”မယုယုမွန်နဲ့ မနန်းတွယ်တာဦးတို့က မော်လမြိုင်မှာရှောင်နေရင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ စကစဘက်က ဖမ်းဆီး တာကိုခံလိုက်ရတာပါ။ ၂၉ ရက်နေ့ကမော်လမြိုင်ခရိုင်တရားရုံးက ပုဒ်မ ၅၀(ည)တစ်ခုတည်းနဲ့ ထောင် ၁၀ နှစ်စီချလိုက်တာ ” လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်း သားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ မယုယုမွန်နဲ့ မနန်းတွယ်တာဦးတို့ ၂ ဦးကို မော်လမြိုင်ခရိုင်တရားရုံးက ပြစ်ဒဏ်အမိန့်ချမှတ်ပြီးတဲ့နောက် ကျိုက်မရော အကျဉ်းထောင်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း -AAPP ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၀၀၀ ကျော် ရှိပြီး ၁၉၀၀ ကျော်မှာ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
#မယုယုမွန် #CDM #မနန်းတွယ်တာဦး #ကျောင်းသားသမ္မဂ #အဖွဲ့ဝင် #စစ်အာဏာရှင် #ဆန့်ကျင်မှု #ထောင်ဒဏ်ချမှတ် #ဆယ်နှစ် #Ayeyarwaddy_Times